Sunday, 2 April 2017

ကြက်​အရည်​ခွံ​ကြော်


ကြက်သားဝယ်တိုင်း အရည်ခွံလေးတွေ ဖယ်ဖယ်ထားပြီး ရေခဲသေတ္တာထဲမှာထည့်ပြီး ခဲထားလိုက်တာ တခါစားလောက် ရပြီဆိုရင် ကြွတ်နေအောင် ကြော်စားတတ်လေတော့ မွှေးပြီးကြွတ်နေတဲ့ ကြက်အရည်ခွံကြော်လေး ကြော်စားနိုင်အောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်အရည်ခွံ  - ၁၀ခု
  • တန်ပူရာမှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးသာသာ
ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောပြီး သမအောင်မွှေပေးပါ
  • ကြက်အရည်ခွံကို ရေဆေးကာ ရေစစ်ထားပါ
  • အရသာစပ်ထားသော အမှုန့်ထဲမှာ ကြက်အရည်ခွံကို လူးပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက မီးကို အနေတော် လျှော့ပေးပြီးမှ အရသာမှုန့်နှင့် လူးထားသော ကြက်အရည်ခွံကို တခုခြင်း ဖြန့်ထဲ့ကာ ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်အရည်ခွံကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့ စားလို့ရပါပြီ။

No comments:

Post a Comment