Thursday 27 April 2017

ပဲနီလေး ကြာဇံဟင်းချို




ငယ်ငယ်က အိမ်မှာပဲဟင်းချက်ရင် မျက်ရည်ဘူးသီးလုံးလောက် ကျတတ်ခဲ့တာ အခုထိ အမှတ်ရနေတုန်းပါဘဲ။

အမေ့ဘက်ကအမျိုတွေး အဖေ့ဘက်ကအမျိုးတွေက အိမ်မှာလာနေပြီး ကျောင်းတက်ကြတော့ မိသားစုထမင်းဝိုင်းက  လူအမြဲစည်ကားတတ်ပါတယ် မှတ်မိသလောက် တောရွာလေးဆိုတော့ လျှပ်စစ်မီးကလဲ မရလေတော့ ထင်းမီးနဲ့ဘဲ ချက်ကြရတယ်။

ထမင်းကို မနက်၂ပြည် ညနေ၂ပြည် နေ့တိုင်းချက်ရပြီး မနက်ပိုင်းကတော့ ဆွမ်းတော်ရယ် ဘုန်းကြီးတန်းဆွမ်း အတွက်ရယ် ပိုချက်ရပြီး ၂ပြည်က တခါတလေ ဧည့်သည်လာရင် မလောက်ချင်ဘူး ညနေကျတော့ တအိမ်သားလုံး လူဆုံချိန်ဆိုရင်တော့ ဆန်၂ပြည်ချက်က ကွက်တိပါဘဲ။

ဒီကြားထဲ ကြီးကြီးနဲ့အမေက ဟင်းချက်ကောင်းလေတော့ စားပြီဟေ့ဆိုထဲက ထမင်းဝိုင်းက မထချင်တော့အောင်ကို စားဖြစ်ပါတယ် မနက် ည အသားဟင်းကို ဝေပုံကျ စားရပြီး ငါးပိတို့စရာနဲ့ အရည်သောက် ဟင်းကတော့ ကြိုက်သလောက် ယူလို့ရပါတယ်။

အဲဒီထဲကမှ မကြိုက်ဆုံးက ဘူးသီးဟင်းနဲ့ ပဲဟင်းပါဘဲ ဘူးသီးဟင်း ပဲဟင်းလို့ သိလိုက်တာနဲ့ ခြေထောက်၂ချောင်းလိမ်ပြီး ကောက်ဖို့ပြင်တော့တာပါဘဲ မှတ်မိသလောက် အသက်၂၀ကျော်တဲ့ထိ ဘူးသီးနဲ့ ပဲဟင်းဆို မုန်းနေတုန်းပါဘဲ။

အခုတော့ ငယ်ငယ်ကမုန်းတဲ့ ပဲဟင်းဟာ ကိုယ့်ရဲ့ ဖေးဖရိတ်ဟင်း ဖြစ်လာခဲ့တာ အံ့သြစရာကြီး ဖြစ်လာခဲ့ရတယ်။

ဒါဟာတကယ်တော့ ပဲမှာပါတဲ့ အဟာရတွေကို သားနဲ့သမီးတို့ အာဟာရဖြစ်စေဖို့ ချက်ပေးရင်း တဇွန်းစနှစ်ဇွန်းစ မြည်းရင်းကနေ အခုတော့ ပဲမျိုးစုံဟာ မာမာ့မီးဖိုဆောင်မှာ မင်းမူနေခဲ့တာ နှစ်ပေါင်း ၂၀ကျော်ခဲ့ပါပြီ။

ဒီနေ့တော့ ပဲနီလေးကို အဖော်ပြုလို့ ငါးပိချက်တို့စရာလေးနဲ့ စားကြရအောင် ပြင်ပါတယ် အရင်တခါ ပဲကြာဇံဟင်းချို ချက်နည်းလေး တင်ဖူးပါတယ် အရင်တခေါက်က ကုလားပဲခြမ်းနဲ့ ချက်တာဖြစ်ပြီး အခုက ပဲနီလေးနဲ့ ချက်တဲ့နည်းလေးကို မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲနီလေး - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  2. ဆန်ကြာဆန် - လက်တစ်ဆုတ်စာ
  3. ကြက်သွန်နီ - ကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာ ကြီးကြီး ၇မွာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆီချက်ချက်ရန်ဆီ - ထမင်းစားဇွန်း ၁၀ဇွန်းသာသာ (ဟင်းအိုးထဲ ထမင်းစားဇွန်ု ၃ဇွန်းစာထည့်ပြီး ပိုတာကို ဖယ်ထားပါ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ချင်း - လက်တစ်ဆစ်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ပဲနီလေးကို ရေဆေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တ၀က်နှင့် ရေမြုပ်အောင်ထဲ့ကာ ပဲနူးအောင် ပြုပ်ပေးပါ
  • ပဲပြုပ်နေစဉ် ပဲရေများ ဝေကျတတ်တဲ့အတွက် အိုးပေါ်မှာ သစ်သားယောင်းမကို ကန့်လန့်ဖြတ် တင်ပေးထားပါ
  • ပဲနီလေးက အနူးမြန်စေတဲ့အတွက် စပြီးပြုပ်တဲ့ရေနဲ့ဘဲ ပဲကိုနူးစေပါတယ်
  • ဆန်ကြာဇံကို ရေမြုပ်အောင်ထဲ့ပြီး စိမ်ထားပါ
  • ချင်းကို အခွံခွာပြီး ညက်အောင်ထောင်းထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး တလုံးလုံးကို ၈စိပ်ရအောင် လှီးပါ
  • ကြက်သွန်ဖြူကို မညက်တညက်ထောင်းပြီး တ၀က်ကို ဆီချက်ချက်ရန် ဖယ်ထားပါ
  • ဆီကို နနွင်းမှုန့်ထဲ့ပြီး ကြက်သွန်ဖြူ တ၀က်ကို မွှေးလာတဲ့ထိ ချက်လိုက်ပါ
  • ပဲအိုးထဲသို့ ဟင်းရည်သောက်ပန်းကန် ၂လုံးစာရေထဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကိုထဲ့ပြီးတည်ပေးပါ
  • ပဲရည်ဆူလာပါက အရသာမှုန့် ဆီချက်နှင့်ဆားကိုထဲ့ပြီး ကြက်သွန်များ နူးအောင်တည်ပေးပါ
  • ကြက်သွန်များ အရည်နူးလာပါက ဆန်ကြာဇံကို ရေစစ်ပြီး ဟင်းရည်အိုးထဲ ထည့်ပေးပါ
  • ကြာဆန်ထဲ့ပြီး ၂မိနစ်လောက် ဟင်းရည်ဆူပြီးပါက အရသာမြည်းပြီး မီးပိတ်ကာ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment