Friday, 14 April 2017

ခြံစည်းရိုး ကြက်ဟင်းခါးသီးဟင်း







ခြံစည်းရိုး ကြက်ဟင်းခါသီးဆိုလို့ ဘယ်လိုပါလိမ့်လို့ ထင်ကြပါလိမ့်မယ် သေးသေးကျစ်ကျစ်လေးနဲ့အခါးစူးတဲ့ ကြက်ဟင်းခါးသီး အစိမ်းရင့်ရောင်လေးတွေကို ခေါ်တာပါ မာမကတော့ လတ်လတ်ဆတ်ဆတ် အသီးမရနိုင်တဲ့အတွက် လှီးပြီးသား ခဲထားတဲ့ အထုတ်၂ထုတ်ကို ချက်ထားပါတယ်။

ကြက်ဟင်းခါးသီးတွေ အမျိုးမျိုးရှိတဲ့အထဲက ဒီအသီးလေးကို အခါးစူးလို့ အကြိုက်ဆုံးပါဘဲ သေးသေးမာကျစ်ကျစ်လေးတွေဖြစ်လို့ ချက်ရတာ အရမ်းကောင်းပါတယ် တခြားအသီးတွေလို ချက်လိုက်ရင် ခနလေးနဲ့ ကျေမသွားပါဘူး။

ဒီနေ့တော့ အခါးစူးတဲ့ ဒီအသီးလေးတွေကို ကြက်သားနဲ့ တရုတ်စတိုင်လ် ချက်ပါမယ် ကြက်သားနဲ့ကြက်ဟင်းခါးသီး မတည့်ဘူးဆိုတဲ့ အယူသီးမှုတွေကိုလဲ ပြောချင်ပါသေးတယ် နိုင်ငံတကာမှာ ချက်စားနေကြတာမို့လို့ တည့်ပါတယ်လို့ဘဲ ပြောပါရစေ။

မာမာတို့အိမ်မှာလဲ ဒီ၂ခုက ရောပြီးချက်နေကျမို့လို့ ဘာထူးခြားတာမှ မတွေ့ရသလို စားလို့ကောင်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြက်ဟင်းခါးသီး - အလုံး၂၀ခန့် (သို့မဟုတ်) အသင့်လှီးပြီသား ၂ထုတ်
  • ကြက်ပေါင် - ခပ်ကြီးကြီး ၂ပေါင်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (၂ခုခွဲသုံးရန်)
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ငံပြာရည်အကြည် ထမင်းစားဇွန်း တဇွန်း
  • ဆားကြမ်း - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  • ညက်နေအောင် ထောင်းထားသော ချင်း - ခပ်ပါးပါး ၇ချပ်ခန့်
  • ခပ်ပါးပါး လှီးထားသော အနီရောင် ငရုတ်သီးစိမ်း - ၃တောင့်
  • ကော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း ( နှစ်ခုခွဲသုံးရန်)
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်းခွဲ( နှစ်ခုခွဲသုံးရန်)
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ဟင်းခါးသီးကို အလယ်မှ အစေ့များဖယ်ကာ အလုံးလိုက် ခပ်ပါးပါး လှီးပေးပါ
  • အားလုံးလှီးပြီးပါက အခါးသက်သာစေရန် ဇလုံတလုံးထဲမှာထည့်ပြီး ဆားကြမ်းနှင့် နယ်ပေးကာ  နာရီဝက်လောက် ထားပေးပါ
  • ပြီးမှ ရေ၄ခါလောက်နှင့် ဆားအငံဓါတ် ထွက်စေရန် ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ကြက်သားကို ခပ်သေးသေးလေးတွေလှီးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ ကော်မှုန့် ထမင်းစားဇွန်း တဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်းတ၀က် ငံပြာရည်အကြည်တို့နဲ့ နယ်ပေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ ခပ်ပါးပါးလှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ညက်နေမောင် ထောင်းထားပါ
  • ချင်းကိုအခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
  • ကော်မှုန့် ထမင်းစားဇွန်း တဇွန်းကို ရေ ထမင်းစားဇွန်း ၃ဇွန်းလောက်နှင့် ဖျော်ထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဆီ ထမင်းစားဇွန်း ၃ဇွန်းလောက်ကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်အနည်းငယ် ထည့်ပေးပါ
  • ဆီကျက်တာနဲ့ ထောင်းထားသော ကြက်သွန်ဖြူတ၀က်ကို ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်ကြော်ပါ
  • ကြော်နေစဉ် အိုးမကပ်စေရန် မွှေမွှေပေးပြီး ထွက်လာသော အရည်များ ခမ်းအောင်ကြော်ပေးပြီး ပန်းကန်ထဲ ဆယ်ထားပါ
  • ထိုအိုးထဲမှဘဲ ဆီ ထမင်းစားဇွန်း ၅ဇွန်းလောက် ထပ်ထည့်ကာ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံလောက်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ချင် ထောင်းထားသော ကြက်သွန်ဖြူတို့ထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ရေဆေးထားသော ကြက်ဟင်းခါးသီးကို ထည့်ကြော်ပေးပါ
  • ကြက်ဟင်းခါးသီးကို နွမ်းသွားအောင် ကြော်ပေးပြီးတာနဲ့ ဆား အရသာမှုန့်ထည့်ပြီး ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးပြီဆိုတာနဲ့ ကြော်ထားသော ကြက်သားနှင့် လှီးထားသော ငရုတ်သီးစိမ်းတို့ကို ထည့်မွှေပေးပါ
  • ရေမခမ်းခင် အရသာမြည်းကာ လိုအပ်သည့်အရသာများ ထပ်ထည့်ကာ ဖျော်ထားသော ကော်ရည်ထည့်မွှေပေးပါ
  • ကော်ရည်ပြစ်လာပြီး ရေခမ်းလာပြီဆိုတာနဲ့ တရုတ်စတိုင်လ် ကြက်သား ကြက်ဟင်းခါးသီးကြော်ကို စားဖို့ပြင်ဆင်နိုင်ပါပြီ။


No comments:

Post a Comment