Thursday 6 April 2017

ဆိတ်သားနှပ်


ဒီနေ့တော့ အိန္ဒယဆိုင်က ဆိတ်သားဝယ်လာခဲ့ပြီး ဒိန်ချဉ်လေးလဲ အဆင်သင့် ရှိနေတုန်း ဆိတ်သားနှပ်လေး နှပ်မယ်စိတ်ကူးကာ ချက်ဖြစ်ပါတယ် စားမြိန်ဟင်းလေး ဖြစ်တဲ့အတွက် ချက်စားနိုင်အောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား  - 500 g
  2. ကြက်သွန်နီ - အနေတော် နှစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ခွန်နှစ်မွှာ
  4. ခပ်ပါးပါး လှီးထားသောချင်း - ထမင်းစားဇွန်း တစ်ဇွန်း
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. လေးညှင်း - နှစ်ပွင့်
  7. ဖာလာ - နှစ်စေ့
  8. သစ်ဂျပိုးခေါက် - တစ်လက်မခန့်
  9. ကရဝေးရွက် - သုံးရွက်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  11. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  13. ဆီ - ထမင်းစားဇွန်း ကိုးဇွန်း
  14. သံပုရာသီး - တစ်လုံး (ဆိတ်သားဆေးရန်)
  15. ဒိန်ချဉ် - ထမင်းစားဇွန်းမောက်မောက် လေးဇွန်း
  16. မကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ

ပြင်ဆင်ပုံ
  1. ဆိတ်သားကို ရေဆေးကာ အနေတော် အတုံးလေးတွေ တုံးထားပါ
  2. တုံးထားသော ဆိတ်သားကို သံပုရာရည် ညှစ်ပြီး နယ်ကာ ၅မိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပလိုက်ပါ
  3. ရေဆေးပြီးသော ဆိတ်သားကို ဒိန်ချဉ် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  4. ကြက်သွန်နီ တစ်လုံးကို အခွံခွာ အလုံးလိုက် ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  5. နောက်ထပ် ကျန်သော ကြက်သွန်နီ တစ်လုံးကို အခွံခွာပြီး ရေဆေးကာ ထက်ခြမ်းခြမ်းပြီး အစိတ်လေးများ လှီးထားပါ
  6. ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  7. နောက်ထပ်ကျန်သော ကြက်သွန်ဖြူ လေးမွှာကို အခွံခွာပြီး ရေဆေးထားပါ
  8. ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး လှီးထားပါ
  9. မကျည်းသီးမှည့်ကို ရေဆေးပြီး ရေအနေတော်ထည့်ကာ ရေစိမ်ထားပေးပါ 
ချက်ပြုပ်ရန်
  1. အရသာဝင်အောင် နှပ်ထားသော ဆိတ်သားကို ဇောက်နက်သော အိုးတစ်လုံးထဲ ထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  2. ပထမ တစ်ရည်ခမ်းပါက နောက်တစ်ရည်ထပ်ထည့်ပြီး ဆိတ်သားနူးအောင် ပြုပ်ပေးပါ
  3. ဆိတ်သားနူးလာတာနဲ့ ဟင်းချက်ရန် ပြင်ဆင်ပါ
  4. ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ ခပ်နုတ်နုတ် လှီးထားသော  ကြက်သွန်ဖြူ ကြက်သွန်နီ သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ ကရဝေးရွက် ချင်းနှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  5. ဆီသတ်နံ့ မွှေးလာတာနဲ့ ပြုပ်ထားသော ဆိတ်သားအိုးထဲကို ထည့်ပြီး မွှေပေးပါ
  6. ပြီးတာနဲ့ ရေမြုပ်အောင် ထပ်ထည့်ပြီး အစိတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူအမွှာ ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး တည်ပေးပါ
  7. ဟင်းအိုးတည်ထားသော ရေခမ်းကာနီးတာနဲ့ ရေစိမ်ထားသော မကျည်းသီးမှည့် အရည်ကိုထည့်ပြီး တည်ပေးပါ
  8.  ရေဆူပြီး ဟင်းအနှစ် အနေတော် ရတာနဲ့ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ ဆိတ်သားနှပ်ဟင်း အိအိမွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

No comments:

Post a Comment