Saturday, 8 April 2017

ဆယ့်နှစ်မျိုး ဟင်းချို



ဆယ့်နှစ်မျိုး ဟင်းချိုလို့ ပြောလိုက်တိုင်း အလှူထမင်း အလှူဟင်းလေးတွေကို ပြေးပြီးသတိရမိပါတယ်
ဆယ့်နှစ်မျိုး ဟင်းချိုနဲ့ လိုက်ဖက်တဲ့ ငါးပိချက်လေးကိုလဲ စားချင်မိပြန်တာပါဘဲ။

၁၂မျိုးဟင်းချို ချက်နည်းတွေ အမျိုးမျိုးရှိကြတဲ့အထဲက အိမ်တအိမ်ရဲ့ မီးဖိုဆောင်မှာ အလွယ်တကူရနိုင်မဲ့ ပစ္စည်းလေးတွေနဲ့ သောက်လို့ကောင်းအောင် ချက်ထားတဲ့နည်းလေးနဲ့ ဒီနေ့တော့ ၁၂မျိုးဟင်းချို အလွယ်ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရိုး - 450g
  • ဗူးသီး - တစိတ်
  • မုန်လာဥ - အဖြူ ၁ဥ
  • ဂေါ်ဖီ - ၁စိတ်
  • ပန်းဂေါ်ဖီ - ၅ခက်ခန့်
  • မုန်ညင်းဖြု - ၂ရွက်ခန့်
  • ပဲလိပ် -၂ရွက်ခန့်
  • ကြက်သွန်နီ - ဥသေးသေး ၅ဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၆မွှာ
  • ငရုတ်ကောင်းမှုန့်  - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပဲပြား - ၁တုံး
  • ပဲကြာဇံအခြောက် - လက်တဆုတ်စာ
  • ချင်း - ခပ်ပါးပါး ၂ပြား
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ    


ပြင်ဆင်ပုံ

  • ကြက်ရိုးများကို ရေဆေးပြီး အနေတော် ခုတ်ပေးကာ ငံပြာရည် အနည်းငယ်နှင့် ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ကြက်ပြုပ်ရည်အပေါ် တက်လာသော အရည်မည်းမည်းများကို ခပ်ပြီးသွန်ပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • ဗူးသီးကို အခွံခွာကာ ရေဆေးပြီး လက်တလုံးသာသာ လောက်လေးတွေ လှီးပေးထားပါ
  • ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  • မုံလာဥ ပန်းဂေါ်ဖီ တရုတ်မုန်ညှင်းဖြူ ဂေါ်ဖီတို့ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ပဲကြာဇံ ပဲလိတ် ကြွက်နားရွက်မှိုတို့ကို သတ်သတ်စီ ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် စိမ်ထားပါ
  • ပဲပြားကို အနေတော် လှီးထားပါ
  • ကြက်ပြုပ်ရည် ခမ်းတာနဲ့အိုးထဲကို ရေ တရုတ်ဟင်းရည်သောက်ပန်းကန် ၂လုံးခွဲစာ ရေထည့်ပါ
  • ထိုအိုးထဲကို ချင်း ဆား ငံပြာရည် အရသာမှုန့်နှင့် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ ၃မွှာကိုထည့်ပြီး ရေဆူအောင် တည်ပေးပါ 
  • ဟင်းရည်အိုး တည်ထားတုန်း ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ၃မွှာကို မွှေးလာအောင် ထည့်ကြော်ပါ
  • ကြက်သွန်ဖြူနံ့ မွှေးလာတာနဲ့ ဗူးသီးနှင့် အရွက်များထည့်ပေးပြီး နည်းနည်းနွမ်းအောင် ကြော်ပေးပါ
  • ပြီးတာနဲ့ ကြက်ပြုပ်ရည်အိုးထဲကို အရွက်များ ပဲပြားအတုံးလေးများကိုထည့်ပြီး ဟင်းရည်ဆူအောင် တည်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူလာတာနဲ့ ရေစိမ်ထားသော ပဲကြာဇံ ပဲလိတ် ကြွက်နားရွက်မှို ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့် တို့ကို ထည့်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ပုဇွန်ခြောက် ငါးပိချက် တို့စရာတို့ဖြင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။
  • ငါးဖယ်လုံး ငုံးဥနှင့် လိုက်ဖက်မည့် အသီးအရွက်များကို ထပ်မံဖြည့်စွက်ကာ အဆင်ပြေပါက ထည့်ချက်နိုင်ပါတယ်။


No comments:

Post a Comment