Saturday 15 April 2017

ကင်ပွန်းချဉ်ရွက်ကြော် ချဉ်ငံစပ်





တနင်္ဂနွေ ဈေးနေ့လေး သွားလိုက်တာ မထင်မှတ်ဘဲ ကင်ပွန်းချဉ်ရွက်လေးတွေ ရလာတာနဲ့ချဉ်ရည်ဟင်းလေး ချက်လိုက် ကြော်သင့်တာ ကြော်လိုက်နဲ့ဒီတခါတော့ ကြာကြာထားပြီး စားလို့ရအောင် ချဉ်ငံစပ်လေး ကြော်ပါတယ် ထမင်းမိန်မိန် သုံးဆောင်နိုင်ဖို့အတွက် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရိုးသင်ပြီး ရေစင်အောင်ဆေးပြီး ရေစစ်ထားသော ကင်ပွန်းချဉ်ရွက် - ဇကာအလတ် တစ်ဝက်သာသာ
  2. ပုဇွန်ခြောက် အကောင် သုံးဆယ်ခန့် (သို့မဟုတ်)
  3. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက်
  4. ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  5. အနေတော် စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. မညက်တစ်ညက် ထောင်းထားသော မြေပဲလှော် - ထမင်းစားဇွန်း လေးဇွန်း
  7. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  11. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  12. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကိုထည့်ပြီး မွှေးလာအောင်ကြော်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ ပုဇွန်ခြောက်နှင့် မြေပဲထောင်းကို တမိနစ်လောက်ထည့်ပြီး ကြော်ပေးပါ
  • ပြီးတာနဲ့ ကင်ပွန်းချဉ်ရွက်ကို ထည့်ပြီးမွှေပါ
  • ကင်ပွန်းချဉ်ရွက်နှင့် အစာများ သမသွားတာနဲ့ ငံပြာရည် အရသာမှုန့် ကြက်သွန်ဖြူနှင့်ငရုတ်သီးစိမ်းတို့ထည့်ကာ သမအောင် မွှေပေးပါ   
  • အားလုံးသမ သွားပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • အချဉ်စူးနေပါက ငံပြာရည်က အချဉ်အရသာကို ထိန်းပေးတဲ့အတွက် ငံပြာရည်ထည့်ပြီး ပြင်ပေးပါ
  • ပြင်ပြီးတာနဲ့ အရသာထပ်မြည်းပေးကာ ချဉ်ငံစပ်နေတဲ့ ကင်ပွန်းချဉ်ရွက်ကြော်ကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment