Thursday, 20 April 2017

ဆိတ်အရွတ် ခရမ်းချဉ်သီးဟင်း


ဆိတ်သားဝယ်တိုင်း အသားမှာ ကပ်ပါလေ့ရှိတဲ့ အသားနဲ့တွဲရက် အရွတ်လေးတွေကို သတ်သတ်ဖယ်ပေးကာ ခရမ်းချဉ်သီးလေးနဲ့ ဆီပြန်လေး ချက်ဖြစ်တာမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆိတ်အရွတ် - 500g
  • ကြက်သွန်နီ - အနေတော် တဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  • စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၅လုံး (သို့မဟုတ်)
  • Ready made ခရမ်းချဉ်သီးဗူး - 400g
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • ဗီနီကာ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  1. ဆိတ်အရွတ်များကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  2. တုံးထားသော ဆိတ်အရွတ်များကို ဗီနီကာနှင့်နယ်ကာ ၅မိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပေးလိုက်ပါ
  3. ရေဆေးပြီးသော ဆိတ်သားကို ကြက်သားမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  4. ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  6. ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  7. စပါးလင် အရင်ပိုင်းကို ညက်နေအောင် ထောင်းထားပေးပါ
  8. ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  9. Ready made ဗူး သုံးပါက အဖုံးဖွင့်ထားပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီး သို့မဟုတ် ready made ဗူးကို ထည့်ပြီးလှိမ့်ပေးပါ
  4. မကြာမကြာ မွှေပေးပြီး ခရမ်းချဉ်သီးများ ကျေလာတဲ့ထိ မွှေပေးပါ
  5. ခရမ်းချဉ်သီး ကျေတာနဲ့ အရသာနယ်ကာ နှပ်ထားသော ဆိတ်သားကို ထည့်မွှေပြီး ၁၅မိနစ်လောက် ဆီသတ်ပေးပါ
  6. ဆီသတ်နေစဉ် မကြာမကြာ မွှေပေးပြီး ဆိတ်အရွတ်များ မာလာတဲ့ထိ ချက်ပေးပြီးမှ ရေမြုပ်အောင်ထည့်ပြီး အသားနူးအောင် တည်ပေးပါ
  7. ပထမ တရည်ခမ်းလာတာနဲ့ နောက်တရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
  8. ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ ဆိတ်သားအရွတ်ဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

No comments:

Post a Comment