Friday, 30 September 2016

ခရမ်းကြွတ်သီး ငါးပိရည်ချက်



ငါးပိရည်လေးပါမှ ထမင်းစားက မိန်တတ်လေတော့ ဒီတခါ ခရမ်းကြွတ်သီးလေးတွေနဲ့ စားမိန်ဖွယ်ရာ ငါးပိရည်ကျိုနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းကြွတ်သီး - အနေတော် အလုံး၁၀လုံး
  2. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ ဥကြီးကြီး - တစ်ဥ
  3. ရေစိမ်ပြီး ညက်အောင်ထောင်းထားသော ပုဇွန်ခြောက် လက်ဖက်ရည် ပန်းကန်လုံး - တစ်လုံးစာ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  8. ငရုတ်သီးစိမ်း အနီရောင် - စားနိုင်သလောက်
  9. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  10. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး လေးစိတ်လှီးပေးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ ညက်အောင်ထောင်းပေးထားပါ
  • ငါးပိရည် ကျိုပြီးသားကို ပြင်ထားပေးပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာဆီ ခရမ်းကြွတ်သီးများ ထောင်းထားသော ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ကြက်သွန်နီ ဆား ဆီ အချိုမှုန့် ပုဇွန်ခြောက်ထောင်းတို့ကို ရောနယ်ပေးထားပါ
  • အိုးထဲမှာ အရသာနယ်ထားသော ခရမ်းသီးများကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန်  မကြာမကြာမွှေပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပြီး ခရမ်းသီးများ ကျေသွားအောင် ချေပေးပြီး ငါးပိရည်ကျိုကို ထည့်ပြီးမွှေပေးပါ
  • ခရမ်းသီးနှင့် ငါးပိရည်ကျို သမသွားပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေး ခရမ်းသီးငါးပိရည်ကျို စပ်စပ်လေးကို တို့စရာအစုံနှင့် သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

ကြက်သား အုန်းနို့အစိမ့်


ကြက်သားကို အရသာ တမျိုးပြောင်းပြီး အုန်းနို့နဲ့ စိမ့်စိမ့်လေးချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား - 500g
  • အုန်းနို့ - 100ml
  • ကြက်သွန်နီ - အလုံးသေး ၇လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆီ -ထမင်းစားဇွန်း ၇ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးကာ အနေတော် တုံးပေးထားကာ ဆား အချိုမှုန့် နနွင်းမှုန့်တို့နှင့် နယ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • အုန်းနို့ကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အရသာနယ်ထားသော ကြက်သားကို ထည့်ပြီးဆီသတ်ပါ
  • ကြက်သားအရသာနယ်များ ဆီကြွတ်ကြွတ် မြည်လာပါက ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ တည်ပေးပါ
  • ပထမတရည် ခမ်းလာတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီနှင့် အုန်းနို့ကိုထည့်ပြီး ချက်ပေးပါ
  • အုန်းနို့အရည်မခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ အုန်းနို့ဆီပြန်လာတာနဲ့ မီးပိတ်ပေးကာ အုန်းနို့ကြက်သား အစိမ့်ချက်လေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Wednesday, 28 September 2016

POPPY SEED CAKE








ဒီတစ်ခါတော့ poppy seed ကိတ်မုန့်လေး ဖုတ်ဖြစ်လို့ အိမ်မှာအလွယ်တကူ ပြင်ဆင်ပြီး မုန့်ဖုတ်နိုင်အောင် အိမ်လုပ်ကိတ်မုန့် အလွယ်ကိတ်မုန့်ဖုတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် - 140 g 
  2. Poppy seed - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ထောပတ် -100 g
  4. Baking powder - 2.5 g
  5. ကြက်ဥ - နှစ်လုံး
  6. သကြား - 120 g
  7. နွားနို့ -150 ml
  8. ဆီ - အနည်းငယ် မုန့်ဖုတ်မည်း ဗန်းကိုသုတ်ပေးရန်

ပြင်ဆင်ပုံ
  • ဂျုံမှုန့်နှင့် baking powder ကို ရောမွှေ၍ ဇကာစိတ်စိတ်လေးနှင့် စစ်ထားပါ
  • ဇကာနှင့် ဂျုံစစ်ရာတွင် ဇကာဘေးဘောင်ကို လက်ဖနောင့်လေးနှင့် အသာရိုက်ပြီး  သေသေချာချာ လှုပ်ပေးခြင်းဖြင့် မုန့်သားပွစေရန် အထောက်အကူ ပြုစေပါတယ်
  • ထောပတ်ကို အပူပေးပြီး အရည်ဖျော်ကာ အအေးခံထားပါ
  • သကြားနှင့် ထောပတ်ကို ပွလာစေရန် မွှေတံနှင့်မွှေပေးပါ 
  • မုန့်မွှေသောစက်ရှိပါက စက်နှင့်မွှေပေးပါ
  • ထောပတ်နဲ့သကြား သမသွားပြီဆိုရင် နို့နှင့် ကြက်ဥကို ထည့်ပေးပြီး မွှေပေးပါ
  • ရောထားသော ဂျုံအရောကို ထည့်ပြီး မွှေပေးပါ
  • နောက်ဆုံး ကျန်သောနွားနို့နှင့် ဂျုံ poppy seedတို့ကို မုန့်နှစ်ရအောင် ထည့်မွှေပေးပါ
  • မုန့်ဖုတ်မည့် ဗန်းထဲကို ဆီသုတ်ပေးပါ 
  • ဆီသုတ်ထားသော ဗန်းထဲသို့ မုန့်နှစ်များကို လောင်းထည့်ပေးပြီး မျက်နှာပြင်ညှိပေးပါ
  • Oven ကို၁၈၀ဒီကရီနှင့် မုန့်မဖုတ်ခင် မိနစ်၂၀လောက် ကြိုဖွင့်ထားပါ
  • Oven ပူလာပြီဆိုတာနဲ့ မုန့်နှစ်ထည့်ထားသော ဗန်းကို ovenထဲထည့်ပြီး ၄၅မိနစ်ထည့်ပြီး ဖုတ်ပေးပါ
  • ၄၅မိနစ်ပြည့်ပါက မုန့်သားကျက်မကျက် သိစေရန် အသုံးမပြုရသေးသော ဒုတ်ချွန်လေးနှင့် ထိုးကြည့်ပါ
  • မုန့်နှစ်များ ကပ်မပါလာတော့ဘူးဆိုရင် မုန့်သားကျက်ပြီဖြစ်တဲ့အတွက် poppy seeds cake မုန့် မွှေးမွှေးလေးကို ovenထဲမှ ထုတ်၍အအေးခံကာ နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Tuesday, 27 September 2016

ကြက်သားအချဉ်ဆီပြန်


ဒီနေ့တော့ ထမင်းစားမိန်စေမဲ့ ဟင်းတမျိုးဖြစ်ရအောင် ကြက်သားကို သရက်သီးသနပ်နဲ့ ချဉ်ငံစပ်လေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား - 500g 
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် 
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ - ခပ်ကြီးကြီး တဥ
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • သရက်သီးသနပ် - ထမင်းစားဇွန်း ၄ဇွန်း

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

လိုသောပစ္စည်းများ ပြင်ဆင်ပုံ

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  3. ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး မညက်တညက် ထောင်းပေးပါ
  4. ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
  5. စပါးလင်ကို ညက်နေအောင် ထောင်းထားပေးပါ
  6. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  7. သရက်သီးသနပ် - ထမင်းစားဇွန်း ၄ဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • သရက်သနပ်ကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်း ငရုတ်ကောင်းမှုန့် ဖာလာ လေးညှင်းနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ သရက်သီးသနပ်နှင့် ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • သရက်သီးသနပ်များ နူးပြီးကျေလာအောင် တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက သရက်သီးချဉ်ဖြုံ့ဖြုံ့ အရသာနဲ့ မွှေးလွန်းတဲ့ ကြက်သားအချဉ်ဆီပြန်ကို စားသုံးနိုင်ပါပြီ။

Monday, 26 September 2016

မုန့်ညှင်းရွက် အကြွတ်ကြော်








စားချင်တာက မြက်ကြွတ်ကြော်ပါ မြက်ကြွတ်ရွက် မရှိလေတော့ ကြွတ်ကြွတ်လေးနဲ့ သစ်ရွက်အနံ့လေး ရရင်ပြီးရောဆိုပြီး မုန့်ညှင်းရွက်ကို ခပ်ကြမ်းကြမ်းလှီးကာ ကြော်လိုက်ပါတယ်။

မြက်ကြွတ်ရွက်ထက် စားလို့ ကောင်းနေတာကြောင့် မြက်ကြွတ်ရွက် အစားထိုး မုန့်ညှင်းရွက် အကြွတ်ကြော်လေး စားချင်တဲ့အခါ ကြော်လို့ရအောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မုန့်ညှင်းရွက် - ၁၀ရွက်ခန့်
  2. တန်ပူရာမှုန့် - ထမင်းစားဇွန်း မောက်မောက် ၇ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  4. ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. နှမ်းဖြူ - ထမင်းစားဇွန်း တစ်ဇွန်းေ
  6. ရ - အနည်းငယ်
  7. ဆီ - လိုသလောက်

ပြင်ဆင်ပုံ
  • မုန့်ညှင်းရွက်ကို အရိုးများဖယ်ပြီး အရွက်ကိုဘဲယူပြီး ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • တန်ပူရာမှုန့်ကို ရေနည်းနည်းခြင်းထည့်ပြီး ပျစ်နေအောင် ဖျော်ထားပါ
  • မုန့်နှစ်ဖျော်ပြီးတာနဲ့ ဆား ငရုတ်ကောင်း နှမ်းတို့ထည့်ကာ ဖျော်ပေးပါ
  • မုန့်နှစ် စစ်ပြီးတာနဲ့ လှီးထားသော မုန့်ညှင်းရွက်နှင့် နယ်ပေးပါ
  • ဇောက်နက်သော အိုးအနေတော်တလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီအငွေ့တက်လာတာနဲ့ မုန့်ညှင်းရွက်ကို အနေတော်ယူပြီး ဆီအိုးထဲ ထည့်ပေးပါ
  • ဆီအိုးထဲ ထည့်ထည့်ခြင်း အရွက်များ ဘေးသို့ ပြန့်ကျဲသွားနိုင်ပါတယ်
  • ပြန့်ကျဲသွားသော အရွက်များကို ဇွန်းအရှည်ဖြင့် အလယ်ရောက်အောင် ပြန့်စုပေးပါ
  • အကြော်ပုံစံ ခပ်ပြန့်ပြန့် လုံးလုံးလေး ရပြီဆိုရင် အရွက်ကျက်အောင် ထားပေးပါ
  • အရွက်ကျက်ပြီး ကြွတ်ရွလာပြီဆိုတာနဲ့ ဆယ်ပြီးဆီစစ်ပေးထားပါ
  • ထိုနည်းအတိုင်း အရွက်များ ကုန်အောင် ကြော်ပေးပါ
  • ဆီစစ်တာနဲ့ နှစ်သက်ရာအချဉ်ဖြင့် စားနိုင်ပါပြီ။

Sunday, 25 September 2016

သတ်သတ်လွတ် ထမင်းပေါင်း













ရာသီဥတုလေး ပူလာတော့ မီးဖိုထဲ သိပ်မ၀င်ချင်တာနဲ့ တစ်မယ်ထဲနဲ့ ထမင်းစားလို့ မိန်စေမဲ့ သတ်သတ်လွတ် ထမင်းပေါင်းလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ဖြစ်တဲ့ ထမင်းပေါင်း အလွယ်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Jasmine Rice ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထမင်းချက်ရန်)
  3. ပန်းဂေါ်ဖီ - တစ်ခြမ်း
  4.  ဂေါ်ဖီ - တစ်ခြမ်း
  5. မုံလာဥနီ - ခပ်ကြီးကြီး နှစ်ဥ
  6. တရုတ်နံနံ - အနေတော် နှစ်ပင်ခန့်
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. ချယ်ရီခရမ်းချဉ်သီး - ခွန်နှစ်လုံး
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းသာသာ
  11. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်

ကော်ရည်ဖျော်ရန်

  1. ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  4. ရေ. - ဟင်းပြင်ပန်းကန် အကြီးတစ်လုံး မရှိတစ်ရှိတို့ကို အားလုံးရောပြီး ဖျော်ထားပါ
  5. ကော်ရည်များများ ကြိုက်ပါက ရေပိုထဲ့ပြီး ဖျော်ပေးပါ
ပြင်ဆင်ပုံ
  • ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲထည့်ပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  • ထမင်းကျက်သွားပါက ထမင်းအိုးကို အနွေးခလုတ် နှိပ်ထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အခက်လေးများ ရအောင် လှီးပေးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ထူထူ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ပန်းပွင့်ပုံစံ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်ကြမ်ကြမ်း လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ပြီး အဖတ်လေးများ ရလာအောင် ခွာထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ အိုးအောက်ချေထူသော အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ကြက်သွန်ဖြူ ကို မွှေးလာတဲ့ထိ ကြော်လိုက်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ အသီးအရွက်များကို တရုတ်နံနံမှလွဲပြီး အားလုံးကို ထဲ့ကြော်လိုက်ပါ
  • နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပါ
  • အရသာ မျှတအောင် အားလုံးကို မွှေပေးပြီးတာနဲ့ ပဲငံပြာရည်ထဲ့ကာ မွှေပေးကာ အရသာ မြည်းပေးပါ
  • အရသာမြည်း ပြီးတာနဲ့ မိမိနှစ်သက်သလို အရသာရအောင် ပြင်ပေးပြီး တရုတ်နံနံထဲ့ပြီး မွှေပေးပါ
  • ကော်ရည်များများ ကြိုက်ပါက ရေထပ်ထဲ့ပြီး မွှေပေးနိုင်ပါတယ်
  • အသီးအရွက်များ နူးလွန်းပါက စားလို့မကောင်းတဲ့အတွက် ချက်ချိန် လေးမိနစ် သာသာလောက်ဘဲ ချက်ပေးပြီး မီးပိတ်ပေးပါ။
ထမင်းပွဲပြင်ဆင်ပုံ
  • ချက်ပြီးသား ထမင်းကို ပန်းကန်လုံး တစ်ခုထဲမှာ ဖိထည့်ပေးပြီး ပန်းကန်တစ်ချပ်ထဲမှာ မှောက်ထည့်ပေးပါ
  • ပြီးတာနဲ့ ချက်ပြီးကာစ ပူနေသော အသီးအရွက် ကော်ရည်တို့ကို ထမင်းပေါ်သို့ ဇွန်းမှုတ်နှင့်ခပ်ကာ လောင်းချပေးပြီး ပြင်ပေးပါ
  • ထမင်းပွဲ ပြင်ပြီးတာနဲ့မိမိတို့  နှစ်သက်ရာ အချဉ် အစပ်တို့နှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Saturday, 24 September 2016

အုန်းနို့ ကျောက်ကျော








စားချင်စိတ်လေး ပေါ်လာတုန်း ပြေးပြေးလွှားလွှား အုန်းနို့ ကျောက်ကျောလေး လုပ်ဖြစ်လို့မာမာပြင်ဆင်ဖြစ်တဲ့  လွယ်ကူမြန်ဆန် ကျောက်ကျောလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကျောက်ကျောမှုန့် - 25 g
  2. သကြား - 125 g
  3. အုန်းနို့ - 400 ml
  4. ရေ - 1500 ml
  5. ဆား - လက်ဖက်ရည်ဇွန်း ၄ပုံတစ်ပုံ
  6. ကျောက်ကျော ကျိုပြီးသားထည့်ရန် - ဗန်းတခု

ပြင်ဆင်ပုံ
  • ကျောက်ကျော ကျိုပြီးသားထည့်ရန် ဗန်းကိုပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ကျောက်ကျောမှုန့် သကြားနှင့်ရေတို့ကို ပျော်အောင် ဖျော်ပေးပါ
  • အားလံ အရည်ေးပျော်သွားတာနဲ့ မီးအားပြင်းပြင်းနဲ့ကျိုပေးပါ
  • ကျိုနေစဉ် ဝေမကျရန်နှင့် အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ကျောက်ကျောရည် တော်တော်လေး ပျစ်လာတာနဲ့ အုန်းနို့ထည့်ပြီး မွှေပေးပါ
  • အုန်းနို့နဲ့ကျောက်ကျောရည် တော်တော်လေး ပြစ်လာပြီး ကြွက်မြီးတန်းလာပြီဆိုတာနဲ့ ပန်းကန်ပြား တချပ်ထဲကို ကျောက်ကျောရည် အစက်လေး ချကြည့်ပါ
  • မိနစ်ဝက်လောက်နေပါက အစက်ချထားသော ကျောက်ကျောရည် ခဲသွားပါက အဆင်သင့်ပြင်ထားသော ကျောက်ကျောထည့်မည့် ဗန်းထဲကို လောင်းချပေးပါ
  • ပြီးတာနဲ့ ကျောက်ကျောဇန်းကို အအေးခံပေးပါ
  • ကျောက်ကျောများ အေးပြီးခဲသွားပါက မိမိနှစ်သက်သလို လှီးပေးပြီး သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Friday, 23 September 2016

ပဲကြော် ကြွတ်ကြွတ်လေး












ဒီမနက် ကြော်ဖြစ်တဲ့ ပဲကြော်လေးပါ မွပြီးရွလွန်းလို့ ထိတောင်မထိရဲတဲ့အထိ ဖြစ်ရတဲ့ ပဲကြော်လေးမို့ အားလပ်ရက်လေးမှာ ကြော်ကြည့်စေချင်ပါတယ်။

တန်ပူရာမှုန့် မရှိလို့ မကြော်ဖြစ်ဖူးလို့ဆိုသူတွေအတွက် အလွယ်တစ်ကူ ၀ယ်လို့ရနိူင်တဲ့ ဆန်မှုန့် ကောက်ညှင်းမှုန့်တို့ရှိရုံနဲ့ ကြော်စားနိူင်မဲ့ အိမ်လုပ် အကြော်မှုန့်စပ်နည်းလေးရယ် ကြော်နည်းလေးရယ်ကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ဆန်မှုန့် - 3/4 cup
  2. ကောက်ညှင်းမှုန့် - 1/4 cup
  3. ဆိုဒါ - 1/2 tsp
  4. ရေ - 300 ml
  5. ဆီ - လိုသလောက်
  6. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး

ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး ၇ နာရီလောက် စိမ်ထားပါ
  • ပဲများ ရေဝလာချိန်မှာ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးစာ ရပါမယ်
  • ဇလုံတစ်လုံးထဲမှာ ဆန်မှုန့် ကောက်ညှင်းမှုန့် ဆိုဒါတို့ကို သမအောင်မွှေပေးပြီး ရေနှင့် ဖျော်ကာ မုန့်နှစ်ပွလာအောင် တစ်နာရီလောက် ကြိုပြီးဖောက်ထားပါ
  • မုန့်နှစ်ရတာနဲ့ ရေဝနေသော ပဲခြမ်းကို ထည့်မွှေပါ
  • အောက်ခြေမကပ်သော ကော်ဖီပန်းကန်ပြားလောက်အရွယ် ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီကိုအိုးတစ်ဝက်လောက်ထိထည့်ပါ 
  • ဆီပူတာနဲ့ ပဲခြမ်းမုန့်နှစ်ရည်ကို ယောက်ချိုဇွန်းနှင့် မွှေပြီး တစ်ဇွန်းစာ မရှိတစ်ရှိခပ်ကာ ဆီအိုးထဲ ဖြန့်ပြီး ထည့်ပေးပါ
  • ကြော်နေစဉ် ပဲကြော်ကို မွှေမပေးဘဲ ဒီအတိုင်းထားပါ 
  • အထက်အောက် လှန်ပေးစရာလဲ မလိုပါ
  • ပဲကြော်ကျက်ပါက သူ့အလိုလို အရောင်ပြောင်းပြီး ကြွတ်ရွလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • တစ်ချပ်ဆယ်ပြီးတိုင်း ဆီနည်းသွားပါက ဆီကိုထပ်ထပ်ပြီး ဖြည့်ပေးပါ
  • ပဲမုန့်နှစ်ရည် ကုန်တဲ့အထိ အထက်ပါနည်းအတိုင်း ကြော်ပေးပါက ကော်ဖီပန်းကန်ပြားအရွယ် ကြွတ်ပြီးရွနေသော ပဲကြော် ၇ ချပ်ရပါမယ်
  • ကြွတ်ကြွတ်မွမွ ပဲကြော်လေးရပါက နှစ်သက်သလို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday, 22 September 2016

ပိန်းဥဟင်း







ပိန်းဥလေးတွေ ရလာတော့ မြန်မာပြည် အလွမ်းပြေ အရည်သောက်ဆမ်း ချက်ဖြစ်ပြန်ပါတယ် အမေချက်ကျွေးတဲ့ ပိန်းဥဟင်းရယ် ပုဇွန်ချဉ်သုပ်လေးရယ်ကိုလဲ သတိတရနဲ့ စားချင်မိပြန်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပိန်းဥ - 500g
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပုဇွန်ခြောက်  - ၁၅ကောင်ခန့်
  • ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံးအလတ် တလုံး
ပြင်ဆင်ပုံ
  • ပိန်းဥများကို အခွံခွာပြီး ဆားနှင့်နယ်၍ ပိန်းဥအလုံးကြီးပါက အနေတော်တုံးပြီး ရေဆေးထားပေးပါ
  • ပိန်းဥအခွံခွာရင် လက်တွေယားတတ်တဲ့အတွက် လက်အိတ်လေး စွတ်ပြီးမှ အခွံကိုခွာပေးပါ
  • မာမာကတော့ ready made အခွံခွာပြီးသား အထုတ်ကို ချက်ပါတယ်
  • ပုဇွန်ကိုခြောက်ကို ရေဆေးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အိုးတလုံးမှာ အခွံခွာထားသော ပိန်းဥ ကြက်သွန်ဖြူ ကြက်သွန်နီ ဆား ပုဇွန်ခြောက် နနွင်းမှုန့် ငရုတ်သီးမှုန့် အချိုမှုန့် ဆီတို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး ၃မိနစ်ခန့် လုံးချက်လေး ချက်ပေးပါ 
  • ပိန်းဥများ လုံးမိတာနဲ့ ရေကိုထည့်ပြီး ဟင်းအိုးဆူအောင် တည်ပေးပါ
  • ပိန်းဥများ နူးလာပြီး ဟင်းရည်အပျစ် အကျဲကို လိုသလိုပြင်၍  ထည့်ပေးပါ
  • ပိန်းဥဟင်း ကျက်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ပိန်းဥအရည်သောက်ဆမ်းဟင်းကို ပုဇွန်ချဉ်သုပ် ငါးချဉ်သုပ်တို့နှင့် တွဲဖက်ပြီး သုံးဆောင်ရန် ပြင်ပေးပါ။

Wednesday, 21 September 2016

ပဲပလာတာ










ဒီလင့်လေးက ပလာတာလုပ်နည်း လင့်ပါ http://mmlazp.blogspot.com.au/2016/09/blog-post_14.html ပလာတာ လုပ်နည်းလေးက တင်ပြီးသားဖြစ်လို့ ဒီနေ့တော့ ပဲပလာတာ လုပ်နည်းလေး မျှဝေလိုက်တယ် ပဲအရသာ စပ်နည်းလေးကတော့ တစ်ယောက်နဲ့တစ်ယောက် တူချင်မှ တူကြပါလိမ့်မယ် အရသာကို ကိုယ်နှစ်သက်သလို စပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အဆင်သင့် လုပ်ထားသော ပလာတာ - ငါးချပ်
  2. ပဲပြုပ် - နှစ်သက်သလောက် သုံးပေးပါ
  3. ကြက်သွန်နီ ဆီချက်အဖက် - ထမင်းစားဇွန်း သုံးဇွန်းစာ
  4. ဆီချက် - ထမင်းစားဇွန်း သုံးဇွန်း (သို့မဟုတ်) ရေနွေးအဖြူ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆီ - ပလာတာကြော်ရန် လိုသလောက်

ပဲအရသာစပ်ရန် ပြင်ဆင်ပုံ
  • အရင်ဆုံး ပဲပြုပ်ကို ကျေသွားအောင် ချေပေးပါ
  • ပဲများ ကျေသွားတာနဲ့ ဆား သကြား ကြက်သွန်နီ ဆီချက်ဖတ် ဆီချက်ဆီတို့ ရောမွှေပေးပါ
  • ဆိုင်တွေမှာ ပဲအရသာ စပ်ရင်တော့ ပဲများများရပြီး ပဲပွားအောင် ဆီချက်ဆီအစား ရေနွေးအဖြူလေးထည့်ပြီး ပဲကိုကျေသွားအောင် ချေပေးပါတယ်
ပလာတာကြော်ရန်
  • ဒယ်အိုးအပြားကို ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစာလောက်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်လောက်အထိ လျှော့ပေးပြီး ခပ်ပြားပြား လှိမ့်ထားသော ပလာတာကို ဒယ်အိုးထဲမှာ ဖြန့်ပြီးထည့်ပေးပါ
  • ပလာတာရဲ့ အလယ်တည့်တည့်မှာ အရသာနယ်ထားသော ပဲများကို ထမင်းစားဇွန်း ၃ဇွန်းစာလောက် ပုံပေးပါ
  • ပလာတာရဲ့ ဘေးနှစ်ဖက်ကို ပုံထားသော ပဲများအား အုပ်မိအောင် အုပ်ပေးပါ
  • အောက်ဖက်မှ ကျက်လာတာနဲ့ တဖက်ကို လှန်ပေးပြီး အပြင်ခွံ ကြွတ်ကြွတ်လေး ရအောင် နှစ်ဖက်လုံးကို  ကြော်ပေးပါ
  • အပြင်ခွံ နှစိဖက်လုံးကြွတ်ပြီး မွှေးလာတာနဲ့ အိုးထဲမှဆယ်ပြီး နောက်ထပ်ကျန်နေသော ပလာတာများကို ဆက်ပြီး ကြော်ပေးပါ။
  • မွှေးပြီးကြွတ်နေတဲ့ ပဲပလာတာ ကြွတ်ကြွတ်လေးများ ရပါက မိမိနှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။