Sunday, 18 September 2016

ပဲပြုပ် ပူပူလေး (တတိယနည်း)








ပဲပြုပ် ပြုပ်နည်းလေးတွေ တနည်းမဟုတ်ရင် တနည်းနဲ့ အဆင်ပြေအောင် အမျိုးမျိုး စမ်းသတ်ပြီး ပြုပ်ဖြစ်ပါတယ် ပြုပ်တဲ့နည်းတိုင်းက အဆင်ပြေနေတော့ အဆင်မပြေလို့ မေးတဲ့သူတိုင်းအတွက် ဖြေစရာ အဖြေက ဘယ်လို ဖြေရမှန်း မသိအောင် ဖြစ်ခဲ့ရပါတယ်။

တချို့က ပြုပ်နေရင်း အခွံတွေ ကျွတ်ထွက်ကုန်တယ်တဲ့ အခွံကျွတ်တာအတွက် အဖြေက ပြုပ်မဲ့ပဲ ပမာဏနဲ့အိုးက သိပ်ကြီးနေရင်လဲ ပဲတွေက အိုးထဲမှာ ချောင်ပြီး အခွံတွေ ကျွတ်ထွက်တတ်သလို ပြုပ်နေစဉ် ပဲအိုးကို ဖွင့်ပြီး မွှေပေးရင်လဲ အခွံတွေ ကျွတ်ထွက်တတ်ပါတယ် ဒါကြောင့်မို့လို့ ပဲပြုပ်မယ်ဆိုရင် အိုးအသားထူပြီး ပြုပ်မဲ့ပဲ ထည့်ပြီးတာနဲ့ အပေါ်မှာ လက်လေးလုံးလောက်ဘဲ အမြင့်ရှိတဲ့ အိုးနဲ့ပြုပ်ပေးပါ။

တချို့ကကျတော့လဲ ပြုပ်ပြီးတာနဲ့ ပဲတွေပျော့ပျဲ သွားတတ်ပါတယ်တဲ့ အဲဒီအတွက် အဖြေကတော့ စဉ်းစားရ နည်းနည်း ခက်ပါတယ် စဉ်းစားမိတာလေးကတော့ ပြုပ်တဲ့ ပဲအမျိုးအစား မတူတာ ဖြစ်နိုင်သလို ပြုပ်နေစဉ် ခနခန မွှေမိတာလဲ ဖြစ်နိုင်ပါတယ် တခါတလေ ပဲနဲ့ရေအချိန်အဆ ကွာသွားတာလဲ ဖြစ်နိုင်ပါတယ်။

မာမာကတော့ ပဲပြုပ်ဖို့ ပြင်လေတိုင်း ဆိုဒါကို ပဲရေစိမ်ချိန်မှာလဲ မသုံးသလို ပြုပ်စဉ်မှာလဲ မသုံးပါဘူး  ဆိုဒါသုံးခြင်းကြောင့် ပဲပြုပ်နည်းတွေ ပျက်ပျက်သွားတာ ကြုံဖူးလို့ပါကြုံဖူးလို့ပါ။

အခု ပဲပြုပ်တဲ့နည်းက အရင်နည်းကိုဘဲ အခြေခံပြီး ပြုပ်ပါတယ် အပင်ဖောက်ပြီး ပြုပ်ရင်ပဲက ပိုပြီးချိုပါတယ် ဒါကြောင့်မို့လို့ ဒီတခါတော့ အပင်ဖောက်ပြီး ပြုပ်ထားပါတယ် အလျှင်စလို အမြန်စားချင်တယ် ဆိုရင်တော့ ၁၀နာရီလောက် ရေစိမ်ပြီး တခါထဲ ပြုပ်ပေးနိုင်ပါတယ် ဒါကြောင့်မို့လို့ အရမ်းလွယ်ပြီး ရိုးရိုးရှင်းရှင်း ပဲပြုပ်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲ - 375g
  • ထန်းလျှက် ကွမ်းသီးဆံသာသာ - တခဲ
  • ရေ - ပဲအထက် လက်တဆစ်
  • ပြုပ်ရန်အိုး - အိုးအသားထူပြီး ပြုပ်မည့်ပဲနှင့် ပမာဏ သိပ်မကွာတဲ့ အိုးအနေတော်တလုံး

ပြင်ဆင်ပုံ

  • ပဲများကို ၁၀နာရီလောက် ရေမြုပ်အောင်ထဲ့ပြီး ရေ၀အောင်စိမ်ထားပေးပါ 
  • ရေ၀ပြီး ပဲများပွလာပြီဆိုတာနဲ့ ဇကာတခုထဲကို သွန်ချပေးပြီး အပင်ဖောက်ဖို့ပြင်ပါမယ်
  • အပင်ဖောက်ထားစဉ် အ၀က်စ သန့်သန့်တခုကို ရေစွတ်ပြီး ပဲအပေါ်မှာ အုပ်ထားပေးပါ
  • အ၀တ်စကို တနေ့ရေ၃ခါလောက် စွတ်ပြီး အုပ်ပေးပါ
  • ဒုတိယရက်မှာ ပဲအစို့လေးများ စထွက်လာပါပြီ
  • အ၀တ်စကို ရေစွတ်ပြီး တနေ့၃ခါ ပထမရက်ကလိုဘဲ အုပ်ပေးပါ
  • တတိယရက်မှာ အပင်အစို့လေးတွေ တော်တော်လေး ရှည်လာပါပြီ
  • ပဲအပင်ဖောက်ထားစဉ် ပဲများကို မဖွမိဖို့ သတိထားပါ
  • တတိယနေ့ ညနေပိုင်း ၃နာရီလောက်ဆို ပဲပြုပ်ဖို့ ပြင်နိုင်ပါပြီ
  • အောက်ခြေထူသော အထက်မှာ ပြထားသော အိုးကဲ့သို့သော အိုးထဲသို့ပဲကိုပြောင်းပြီး ထဲ့ပေးပါ
  • ရေကိုပဲအထက် လက်တစ်ဆစ်မြုပ်အောင် ထဲ့ပေးပါ
  • ထန်းလျှက်ခဲ ကွမ်းသီးဆံ အလုံးသာသာလောက် ၁ခဲထဲ့ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီဆိုတာနဲ့ ပဲအိုးရေခမ်းတဲ့အထိ ဆက်ပြုပ်ပါ
  • ပဲပြုပ်ချိန် မိနစ်၄၀လောက်ဆို ရေခမ်းကာနီးလာပါပြီ ရေခမ်းကာနီးပါက မီးကို နံပါတ်တစ်လောက်ထိ လျှော့ချပြီး ပဲကို မီးအေးအေးနဲ့နှပ်ပေးပါ
  • ရေခမ်းပြီး ပဲများနပ်လောက်ချိန်မှာ အိုးကိုအဖုံး ဖုံးထားပြီး လက်နှစ်ဖက်နှင့် အ၀တ်ခံပြီးကိုင်ကာ အထက်အောက် သမအောင် ၂ချက်လောက် ခလောက်ပြီး ပဲကိုလှန်ပေးကာ မီးပိတ်ပြီး မီးဖိုပေါ်မှာ လက်ကျန်အပူရှိန်နဲ့နှပ်ထားပေးပါ။
  • ပဲနပ်သွားပြီဆိုပါက ချိုပြီးအိသော ပဲပြုပ်အိအိမွှေးမွှေးလေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment