Wednesday 7 September 2016

မျှစ် ငရုတ်သီးစိမ်း အစပ်ချက်




ဒီဟင်းလေးချက်တိုင်း လွမ်းမိတာကတော့ နာဂတောင်တန်း လေရှီးဆေးရုံကိုပါဘဲ တစ်နှစ်ပါတ်လုံး အေးခဲနေတော့ အိမ်ထဲမှာ ၂၄နာရီ ဖိုထားတဲ့ မီးဖိုကြီးပေါ်မှာ ချိတ်ထားတဲ့ ဂျီသား ဆိုင်သား ဆတ်သား တောဝက်သား  နွားနောက်သားတွေရယ်အပြင် လတ်လတ်ဆတ်ဆတ် စားရတဲ့ အသီးအရွက်တွေကိုလဲ အမှတ်ရနေတုန်းပါဘဲ။

အေးလွန်းတဲ့ ရာသီဥတုကို အံတုနိုင်ဖို့ ချက်လိုက်တဲ့ ဟင်းတိုင်းက ဆီမပါသလို စပ်ရှားနေတဲ့ ဟင်းတွေကိုဘဲ ချက်ရတာက များပါတယ် ကြပ်ကင်ထားတဲ့ အသားတွေကို လိုသလောက်ယူပြီး အသီးအရွက်နဲ့ရောကာ ရေလုံပြုပ်ပြီး ထမင်းပူပူနဲ့ စားရတဲ့ အရသာကတော့ နတ်သုဒ္ဒါပါဘဲ။

အချဉ်ဟင်းချက်တိုင်း မကျည်းသီးအစား မက်မန်းသီး အစိမ်းလေးတွေထည့်ပြီး အချဉ်ယူတာကအစ အမှတ်ရစရာပါ ဒီနေ့တော့ မြှစ်နုလေးတွေကို နာဂပြည်မှာ နေခဲ့စဉ်က မျှစ်နုအစပ်ချက်နည်းအတိုင်း ဆီမပါဘဲ မက်မန်းသီးစိမ်းအစား မကျည်းသီးမှည့် အရည်ကို အစားထိုးပြီး ကြပ်ကင်ထားတဲ့ အသားအစား ပုဇွန်ခြောက်ကို အစားထိုးလို့ ငရုတ်သီးစိမ်း များများနဲ့ စပ်စပ်ရှားရှား ချဉ်ဖြုံ့ဖြုံ့လေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မျှစ်အနု - 300 g
  2. ပုဇွန်ခြောက် - ထမင်းးစားဇွန်း နှစ်ဇွန်း
  3. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း မောက်မောက် တစ်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (သို့မဟုတ် )
  7. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  8. ငရုတ်သီးစိမ်း အစိမ်းတောင့် - အတောင့် နှစ်ဆယ် (သို့မဟုတ် ) စားနိုင်သလောက်
  9. နံနံပင် - နှစ်သက်သလောက်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြင်ဆင်ပုံ
  • ပြုပ်ပြီးသား မျှစ်အနုများကို သင့်တော်သလိုလှီးပြီး ရေဆေးကာ နောက်ထပ် ၁၀မိနစ်လောက် ပြုပ်ပေးပါ
  • ပုဇွန်ခြောက်ကို မညက်တစ်ညက် ထောင်းထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ညက်နေအောင် ထောင်းပေးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေ လက်ဖက်ရည် အကြမ်းပန်းကန်လုံး တစ်လုံးလောက်နှင့် ရေစိမ်ပေးထားပါ
  • မန်ကျည်းသီး အနှစ်ကို သုံးပါက အဆင်သင့် ပြင်ပေးထားပါ
  • မန်ကျည်းသီး အနှစ်ကို မသုံးပါက မန်ကျည်းသီးမှည့်ကို ရေစိမ်ထားပေးပါ
ချက်ပြုပ်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ပြုပ်ထားသောမျှစ်များ ပုဇွန်ငါးပိ ပုဇွန်ခြောက်မှုန့် ဆား အချိုမှုန့် ငရုတ်သီးစိမ်းထောင်းတို့ကို ထည့်ပြီးနယ်ပေးပါ
  • ရေကို ဟင်းအိုးထဲရှိမျှစ်များ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ဟင်းရည်များ ပွက်ပွက်ဆူလာပြီး ရေအနေတော် ကျန်တဲ့အထိ တည်ပေးပါ
  • ဟင်းရည် အနေတော် ရတာနဲ့ မန်ကျည်းသီးမှည့်ရည် သို့မဟုတ် မန်ကျည်းသီးအနှစ်ကို ထည့်ပေးပါ
  • မန်ကျည်းနှစ် ထည့်ပြီးတာနဲ့ ဟင်းအိုးကို အထက်အောက် မွှေပေးကာ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ နံနံပင်အုပ်ပေးပြီး ချဉ်ငံစပ် မျှစ်အစပ်ချက်ဟင်းလေးကို သုံးဆောင်နိုင်ပါပြီိ။

No comments:

Post a Comment