Friday 23 September 2016

ပဲကြော်








ဒီမနက် ကြော်ဖြစ်တဲ့ ပဲကြော်လေးပါ မွပြီးရွလွန်းလို့ ထိတောင်မထိရဲတဲ့အထိ ဖြစ်ရတဲ့ ပဲကြော်လေးမို့ အားလပ်ရက်လေးမှာ ကြော်ကြည့်စေချင်ပါတယ်။

တန်ပူရာမှုန့် မရှိလို့ မကြော်ဖြစ်ဖူးလို့ဆိုသူတွေအတွက် အလွယ်တစ်ကူ ၀ယ်လို့ရနိုင်တဲ့ ဆန်မှုန့် ကောက်ညှင်းမှုန့်တို့ရှိရုံနဲ့ ကြော်စားနိုင်မဲ့ အိမ်လုပ် အကြော်မှုန့်စပ်နည်းလေးရယ် ကြော်နည်းလေးရယ်ကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန်မှုန့် - 3/4 cup
  2. ကောက်ညှင်းမှုန့် - 1/4 cup
  3. ဆိုဒါ - 1/2 tsp
  4. ရေ - 300 ml
  5. ဆီ - လိုသလောက်
  6. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး

ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး ၇ နာရီလောက် စိမ်ထားပါ
  • ပဲများ ရေဝလာချိန်မှာ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးစာ ရပါမယ်
  • ဇလုံတစ်လုံးထဲမှာ ဆန်မှုန့် ကောက်ညှင်းမှုန့် ဆိုဒါတို့ကို သမအောင်မွှေပေးပြီး ရေနှင့် ဖျော်ကာ မုန့်နှစ်ပွလာအောင် တစ်နာရီလောက် ကြိုပြီးဖောက်ထားပါ
  • မုန့်နှစ်ရတာနဲ့ ရေဝနေသော ပဲခြမ်းကို ထည့်မွှေပါ
  • အောက်ခြေမကပ်သော ကော်ဖီပန်းကန်ပြားလောက်အရွယ် ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီကိုအိုးတစ်ဝက်လောက်ထိထည့်ပါ 
  • ဆီပူတာနဲ့ ပဲခြမ်းမုန့်နှစ်ရည်ကို ယောက်ချိုဇွန်းနှင့် မွှေပြီး တစ်ဇွန်းစာ မရှိတစ်ရှိခပ်ကာ ဆီအိုးထဲ ဖြန့်ပြီး ထည့်ပေးပါ
  • ကြော်နေစဉ် ပဲကြော်ကို မွှေမပေးဘဲ ဒီအတိုင်းထားပါ 
  • အထက်အောက် လှန်ပေးစရာလဲ မလိုပါ
  • ပဲကြော်ကျက်ပါက သူ့အလိုလို အရောင်ပြောင်းပြီး ကြွတ်ရွလာတာနဲ့  ဆယ်ပြီးဆီစစ်ပေးပါ
  • တစ်ချပ်ဆယ်ပြီးတိုင်း ဆီနည်းသွားပါက ဆီကိုထပ်ထပ်ပြီး ဖြည့်ပေးပါ
  • ပဲမုန့်နှစ်ရည် ကုန်တဲ့အထိ အထက်ပါနည်းအတိုင်း ကြော်ပေးပါက ကော်ဖီပန်းကန်ပြားအရွယ် ကြွတ်ပြီးရွနေသော ပဲကြော် ၇ ချပ်ရပါမယ်
  • ကြွတ်ကြွတ်မွမွ ပဲကြော်လေးရပါက နှစ်သက်သလို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment