Tuesday, 13 September 2016

အိမ်လုပ် နံပြား











ဒီနေ့တော့ အိမ်လုပ် နံပြားလုပ်ဖြစ်လို့ ပဲကုလားဟင်းရည် ချဉ်ငံစပ်လေးချက်ကာ စားဖို့ပြင်ဆင်ပေးပါတယ် ဟင်းရည် ပူပူလေးနဲ့ဆမ်းပြီး စားရတဲ့အရသာက ရန်ကုန်က နယူးဒေလီစားတော်ဆက်ကို ရောက်သွားသလိုပါဘဲ အချိန်ရပြီး အားတဲ့ရက်လေးမှာ ပေါ့ပေါ့ပါးပါးလေးဘဲ လုပ်ရတာမို့လို့ လုပ်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် - 3cups
  • ရေ  - 1cup
  • ဆီ - လက်ဖက်ရည်ဇွန်း တဇွန်း
  • သကြား  လက်ဖက်ရည်ဇွန်း တဇွန်း
  • Yeast လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • ဇလုံတလုံးထဲမှာ ဆီမှလွဲပြီး ပါဝင်ပစ္စည်းအားလုံးကို ထည့်နယ်ပါ
  • ဒိုးသားရအောင် လက်အားသန်သန်နဲ့ ၁၅မိနစ်ခန့် နယ်ပေးပါ
  • မုန့်သားနယ်နေစဉ် လက်ဖနောင့်နှင့် ဖိဖိနယ်ပေးရသလို လက်သီးဆုတ်နဲ့လဲ ထိုးထိုးပေးပါ
  • လက်မှာ ဂျုံများမကပ်တော့တဲ့အထိ နယ်ပေးပြီး ဒိုးသားရတာနဲ့ ဒိုးသားထည့်ထားသော ဇလုံကို အပေါ်မှ အဖုံးတခုဖုံးကာ တနာရီခန့် အုပ်ထားပေးပါ
  • တနာရီပြည့်တာနဲ့ စားပွဲပေါ်မှာ ဂျုံမှုန့်အနည်းငယ်ဖြူးကာ လက်ကိုဆီသုတ်ပြီး  ဒိုးသားကို အနေတော်လေးတွေ ၈ခုရအောင် ခွဲပေးပါ 
  • ပြီးတာနဲ့ တခုစီယူပြီး ဂျုံမှုန့်ဖြူးကာ ဒလိမ့်တုံးနှင့် ခပ်ပြားပြားလေး ရအောင် လှိမ့်ပေးပါ
  • မုန့်ကို ဆက်တိုက် အိုးပူတိုက်လို့ရအောင် ဒိုးသားကုန်အောင် လှိမ့်ပေးပြီးမှ ဒယ်အိုးကို အပူပေးပါ
  • ဒယ်အိုးပူလာပြီးတာနဲ့ မီးကို အနည်းငယ် လျှော့လိုက်ပါ ပြီးမှ ပြားထားသော မုန့်သားကို တခုခြင်းထည့်ပေးပါ
  • မုန့်သားထည့်ပြီးတာနဲ့ အောက်ဖက်မှ အပူရှိန်ကြောင့် မုန့်သားပွတက်လာပြီး ကျက်ပါက တဖက်ကို လှန်ပေးပါ
  • တဖက်လှန်ပေးထားသော အောက်ဖက်မှာ ရွှေဝါရောင် နည်းနည်းသန်းလာတာနဲ့ အိုးပေါ်မှ ဖယ်ပေးပါ
  • အထက်ပါ နည်းအတိုင်း မုန့်သားကုန်အောင် အိုးပူတိုက်ပေးပါ
  • ပြီးတာနဲ့ အဆင်သင့် ချက်ထားသော ပဲကုလားဟင်းနှင့် ဆမ်းပြီးစားနိုင်သလို နွားနို့ပူပူလေးနှင့်လဲ စိမ်ပြီးစားနိုင်ကာ  နှစ်သက်သလို ပြင်ဆင်ပြီး စားနိုင်ပါပြီ။
  • မြန်မာပြည်မှာလို စဥ့်အိုးကြီးကို အပူပေးပြီး ဖုတ်ထားသော နံပြားအရသာအတိုင်း ရပါတယ်။

No comments:

Post a Comment