Thursday 8 September 2016

ကွကျဥ ပလာတာ





















ဒီနေ့တော့ ရာသီဥတုက ဆောင်းအကုန်ဆိုပေမဲ့ အအေးဓါတ်ကလဲ 12°Cလောက်အထိ အေးနေတုန်း မိုးလေးကလဲ တဖွဲဖွဲ ရွာနေဆိုတော့ အပြင်လဲ မထွက်ချင်တာနဲ့ မနက်စောစောစာ သားအမိသားအဖ သုံးယောက်စာ ကြက်ဥပလာတာလေး လုပ်ဖြစ်ပါတယ်။

အချိန်လေး ပေးရတာကလွဲရင် လုပ်နည်းလေးက လွယ်ပါတယ် ဂျုံကို ဒိုးသားရအောင် စပြီးနယ်ချိန်လေးဘဲ အားစိုက်ရပါတယ် အားစိုက်ရတယ် ဆိုတာကလဲ ငါးမိနစ်လောက်သာမို့ သွေးပူလေ့ကျင့်ခန်းလေး လုပ်တယ်သဘောထားပြီး နယ်လိုက် လက်သီးနဲ့ထိုးလိုက် လက်ဖနောင့်နဲ့ ဖိလိုက်မို့လို့ ကျန်းမာရေးအတွက် ဆေးတစ်ခွက်တောင် ဖြစ်လာမှာပါ ။

ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် - 3 cups
  2. ရေ  - 1 cup
  3. ကြက်ဥ - ရှစ်လုံး
  4. ဆီ - ထမင်းစားဇွန်း သုံးဇွန်း (မုန့်သားစပ်ရန်)
  5. ဆီ - လိုသလောက် (မုန့်သားနှပ်ရန်နှင့်ကြော်ရန် )
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲကို ဇကာစိတ်စိတ် ခံပေးပြီး ဂျုံမှုန့်ကို လောင်းထည့်ကာ ဇကာချပေးပါ
  • ပြီးတာနဲ့ ဂျုံမှုန့်ကို အလယ်မှာ အချိုင့်လေးလုပ်ကာ ရေနည်းနည်းခြင်းထည့်ပြီး ဆားနှင့်ဆီကို ထည့်ပေးပါ
  • ပြီးတာနဲ့ ဂျုံသားပြော့ပျောင်းလာအောင် နယ်ပေးပါ ရေကို တခါထဲ မထည့်ဘဲ နည်းနည်းခြင်း ထည့်နယ်ပေးပါ
  • ဂျုံသား ပျော့လာတာနဲ့ ဇလုံထဲမှာဘဲ ဂျုံသားကို လက်သီးဆုတ် လက်ဖနောင့်နှင့် ၅မိနစ်ခန့် ဖိဖိနယ်ပေးပါ
  • ဂျုံ ဒိုးသားရတာနဲ့ ဇလုံထဲမှာ အ၀တ်ရေစိုကို ရေညှစ်ပေးပြီး မိနစ်၃၀လောက် အုပ်ပေးထားပါ
  • မိနစ်၃၀ပြည့်တာနဲ့ ဒိုးသားကို ပုံပါအတိုင်း ရှည်မြောင်းမြောင်းလေးရအောင် လှိမ့်ပေးပါ
  • ထိုမုန့်သားကို အရွယ်တူ အနေအထားလေးတွေ ၈ပိုင်းရအောင် ဖြတ်ပေးပါ
  • မျက်နှာပြင်ညီသော စားပွဲပေါ်မှာ ဂျုံမှုန့်အနည်းငယ် ဖြူးပေးပြီး ဒိုးသားတခုကို တင်ပေးပါ
  • ဒိုးသားကို မုန့်လုပ်သည့် ဒလိမ့်တုံးနှင့် ပြားနိုင်သလောက် ပြားအောင် လှိမ့်ပေးပါ
  • မုန့်သားပြားလာတာနဲ့ မုန့်ပြားတခုလုံးကို ဆီရွှဲနေအောင် သုပ်ပေးပါ
  • ဆီသုပ်ပြီးတာနဲ့ အလယ်ဗဟိုချက်လောက်မှ အောက်အနားထိ ပုံပြပါအတိုင်း ဓါးနှင့်လှီးချပေးပါ
  • လှီးထားသည့်နေရာမှ အတွင်းဘက်သို့ လိပ်ပြီးယူသွားပါ
  • လိပ်ပြီးတာနဲ့ ပုံပြပါအတိုင်း ထိပ်ဖက်အချွန်ကို လက်မနှင့် အတွင်းဘက်ကို အသာဖိချပေးပါ
  • ဤသို့လုပ်ပေးခြင်းကြောင့် ပလာတာ အထပ်လေးများ ရလာမှာ ဖြစ်ပါတယ်
  • မုန့်ဒိုးသားများ အားလုံးကို အထက်ပါ နည်းအတိုင်း လုပ်ပေးပါ
  • ဆီ လက်ဖက်ရည် အကြမ်းပန်ကန်လုံး ၂လုံးစာလောက်ကို ဇလုံခပ်သေးသေးလေးထဲမှာ ထည့်ထားပါ
  • မုန့်သားအားလုံး ပြီးတာနဲ့ မုန့်တလုံးခြင်းဆီကို ဆီထည့်ထားသော ဇလုံပန်းကန်ထဲမှာ ထည့်ပေးပြီ ဆီစိုကောင်လုပ်ကာ ပြန်ပြီးဆယ်ပေးပါ
  • အားလုံးဆီစွတ်ပြီးတာနဲ့ ဒိုးသားများကို ညီညီညာဘာ စီပေးကာ အ၀တ်ကို ရေစွတ်ပြီး ရေစင်အောင်ညှစ်ကာ ဒိုးသားများအပေါ်မှာ မိနစ်၂၀လောက် လုံအောင် အုပ်ပေးထားပါ
ပလာတာလုပ်ရန်
  • ပလာတာလုပ်ရန် အောက်ခြေမကပ်သော ဒယ်အိုးကို မီးငွေ့ငွေ့နဲ့ အပူပေးထားပါ
  • မုန့်ဒိုးသားများ ဆီစွတ်ပေးပြီး ပိုသောဆီကို အဆင်သင့် ပြင်ထားပါ
  • ကြက်ဥကို တလုံးခြင်း ခလောက်ပေးထားပါ ပလာတာ တချပ်လျှင် ကြက်ဥတလုံး ထည့်မှာဖြစ်တဲ့အတွက် တလုံးခြင်း ခလောက်ပေးပါ
  • ဆီစွတ်ပြီး နှပ်ထားသော ဒိုးသားကို စားပွဲပေါ်တင်ပြီး ဒလိမ့်တုံးနှင့် ပုံမှာပြထားသည့်အတိုင်း ခပ်ပြားပြား အနေအထား ရသည်အထိ လှိမ့်ပေးပါ 
  • မီးအပူပေးထားသော ဒယ်အိုးကို ဆီထမင်းစားဇွန်း ၂ဇွန်းလောက်ထည့်ကာ မီးအရှိန်ကို အလယ်လောက်အထိ ထပ်ပြီးမြှင့်ပေးပါ
  • ဆီပူလာတာနဲ့ ဒလိမ့်တုံးနှင့် လှိမ့်ထားသော မုန့်သားကို ဒယ်အိုးထဲ ထည့်ပေးပါ
  • ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကို ဖြန့်ပြီးထည့်ပေးပါ
  • မီးအားအရမ်း မပြင်းအောင် သတိထားပါ
  • မုန့်သားများ ပွတက်လာတာနဲ့ အထက်အောက် နှစ်ဖက်ကို ကြက်ဥအုပ်မိအောက် ခေါက်လိုက်ပါ
  • ပြီးတာနဲ့ ဘေးနှစ်ဖက်ကို ဆက်ခေါက်ပေးပြီး တဖက်ကို လှန်ပေးပါ
  • အောက်ဖက်အခြမ်းနှင့် လှန်ပေးထားသောအခြမ်း ကျက်လာလျှင် ဆယ်ပြီးဆီစစ်ပေးထားပါ
  • မုန့်သားအားလုံး ထိုနည်းအတိုင်း ကြော်ပေးပြီးပါက ကြက်ဥ ပလာတာ စိမ့်စိမ့်လေး ရပါပြီ။
  • အထက်ပါ နည်းအတိုင်း သကြားပလာတာ ပဲပလာတာ ပဲရည်ဆမ်းပလာတာ မျိုးစုံအောင် လုပ်စားနိုင်ပါတယ်။

No comments:

Post a Comment