Friday, 2 September 2016

ချဉ်ငံစပ် သရက်သီး ဆားရည်စိမ်သုပ်








မနှစ်က သရက်သီးပေါ်ချိန် သရက်သီးလေးတွေကို ဆားရည်စိမ်ထားပြီး ဒီနှစ်သရက်သီးစိမ်း ပြန်ပေါ်ချိန်အထိ မကုန်သေးတော့ ချဉ်ငံစပ်လေး သုပ်စားချင်စိတ်က ပေါ်လာခဲ့ပြန်တယ်။

သရက်သီးကို ခပ်ပါးပါးလှီးပြီး လိုအပ်တဲ့ အရသာတွေပြင်ကာ မြန်မြန်ဆန်ဆန် သုပ်ဖြစ်သွားလို့ လွယ်ကူမြန်ဆန် သရက်သီးဆားရည်စိမ် သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီး ဆားရည်စိမ် - အလုံးကြီးကြီး ၂လုံး
  • ပုစွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • ခနောကြက်သားမှုန့် - ထမင်းစားဇွန်း တဇွန်း (သို့မဟုတ် )အချိုမှုန့်
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း ၃ဇွန်း
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း မောက်မောက် တဇွန်း
  • ငရုတ်သီးအလှော်မှုန့် - အစပ်စားနိုင်သလောက်
  • ကြက်သွန်နီ - အနေတော် ၂လုံး
  • ဂေါ်ဖီ - လှီးပြီးသား တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • ဆီ - ဟင်းထည့်ပန်းကန် အသေးတလုံးစာ (ဆီချက်ချက်ရန်)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာခန့် (ဆီချက်ချက်ရန်)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ဆီချက်ချက်ရန်)
ဆီချက်ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အကွင်းလိုက် လှီးထားပါ
  • ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ်လျှော့ပြီး ကြက်သွန်ဖြူများ ထည့်ပေးပါ
  • အကျက်ညီစေရန် မကြာမကြာ မွှေပေးပြီး ကြက်သွန်ဖြူများ ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်ကြော်နှင့် ချက်ထားသောဆီအေးသွားမှ ၂ခုပြန်ရောပေးထားပါ
  • ဆီချက်ကို လိုသလောက်ဘဲသုံးပြီး ကျန်ပိုနေသော ဆီချက်များကို သိမ်းထားပြီး နောက်ထပ် အသုပ်သုပ်လျှင် ယူသုံးနိုင်ပါတယ်။
ပြင်ဆင်ပုံ
  • သရက်သီး ဆားရည်စိမ်ပြီးသားကို ရေစင်အောင်ဆေးပြီး ပုံပါအတိုင်း လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ခပ်ပါးပါးလှီးကာ ရေဆေးပေးထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါးလှီးကာ ရေဆေးထားပါ
  • ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းပေးထားပါ
  • ဇလုံတလုံးထဲမှာ သရက်သီး ကြက်သွန်နီ ဂေါ်ဖီ ငရုတ်သီးအလှော်မှုန့် ပုဇွန်ခြောက်မှုန့် ပဲမှုန့် ကြက်သားမှုန့် ကြက်သွန်ဖြူဆီချက်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အငံအရသာအတွက် ဆားရည်စိမ်နှင့် ခနောကြက်သားမှုန့်တို့မှာ ပါပြီးသား ဖြစ်တဲ့အတွက် ထပ်ထည့်ရန်မလိုပါ
  • ခပ်ဖွဖွ အရသာဝင်အောင် နယ်ထားသော သရက်သီးဆားရည်စိမ် အသုပ်ကို အရသာမြည်း၍ လိုသလိုပြင်ကာ စားသုံးနိုင်ပါပြီ။


No comments:

Post a Comment