Monday, 12 September 2016

ကြက်သားလုံးကြော် မွှေးမွှေးလေး






ဒီနေ့တော့ အရင်နဲ့မတူ တမူထူးစေပြီး မြန်မာအစာတွေ နှစ်သက်သူတွေအတွက် ငရုတ်ကောင်း ချင်း ကြက်သွန်ဖြူထောင်း မွှေးမွှေးလေးတို့ရဲ့ အနံ့အရသာတွေကြောင့် ခံတွင်းတွေ့စေမဲ့ ရိုးရှင်းလွယ်ကူတဲ့ ကြက်သားလုံးကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား အရိုးထွင်ပြီးသား - 300g
  • ကြက်သွန်ဖြူ ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  • ချင်း ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်နီ အလုံးကြီးကြီး - တလုံး
  • ကြက်သွန်မိတ် လှီးပြီးသား - ထမင်းစားဇွန်း ၁၀ဇွန်းခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အကြော်မှုန့် - ထမင်းစားဇွန်း မောက်မောက် တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • ကြက်ပေါင်သားကို ရေဆေးပြီး ရေစစ်ကာ အရိုးအသား သပ်သပ်စီ ထွင်ပေးပါ
  • အသားများကို ဓါးနှင့်ခပ်နုတ်နုတ် စဉ်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးပေးထားပါ
ကြော်ရန် ပြင်ဆင်ပုံ
  • အားလုံးအဆင့်ဖြစ်တာနဲ့ဆီမှလွဲပြီး ပါဝင်ပစ္စည်းအားလုံးကို ဇလုံတလုံးထဲထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အရသာ သမအောင် နယ်ပေးပြီးပါက အနေတော် အလုံးလေးများ လုံးပေးပါ
  • လုံးပြီးတာနဲ့ ဇောက်နက်သော ဒယ်အိုးထဲကို ဆီလိုသလောက်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားလုံးများကို တလုံးစီ ထည့်ပေးပါ
  • ကြော်နေစဉ် ခနခနမွှေပေးစရာ မလိုဘဲ တဖက်ကျက်မှ နောက်တဖက်ကို လှန်ပေးပါ
  • တလုံးလုံး ရွှေဝါရောင်သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပါ
  • ဆီစစ်သွားတာနဲ့ နှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးပါ
  • ချင်း ကြက်သွန်ဖြူ ငရုတ်ကောင်းနံ့သင်ပျံ့နေတဲ့ ကြက်သားလုံးကြော် မွှေးမွှေးလေး ရပါပြီ

No comments:

Post a Comment