Thursday, 1 September 2016

ငါးမုတ်အစပ်ကြော်








အေးရှန်းကုန်စုံဆိုင်ကိုသွားတာ ကွမ်းသီး ကွမ်းရွက်တွေအပြင် ပုဆိုးတွေ လုံခြည်တွေပါ တွေ့ရသလို မြန်မာပြည်မှာ စားနေကျ ငါးမျိုးစုံရယ် ရွှေပြည်နန်းလို သနပ်ခါးကအစ တွေ့မိလေတော့ ပျော်သွားမိတယ်။

ငါးတွေထဲကမှ ငါးမုတ်လေးတွေ တွေ့လာတော့ မြန်မာပြည်မှာ အမေချက်ကျွေးနေကျ ငါးမုတ်ကို အစပ်လေးကြော်ပြီး ထမင်းပူပူလေးနဲ့စားဖို့ ငါးမုတ်အစပ်ကြော်လေး ကြော်ဖြစ်ပြန်တဲ့အတွက် ရိုးရှင်းလွယ်ကူလွန်းတဲ့ အစပ်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါးမုတ် - အကောင်ကြီးကြီး ၂ကောင်
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် (ငါးအရသာနယ်ရန်နှင့် ငါးကြော်ဆီထဲထည့်ရန်)
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  6. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  7. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • ငါးကို မလိုအပ်သော ဆူးတောင်များခုတ်ကာ ဗိုက်ခွဲပြီး ကလီစာများ ထုတ်ပေးပါ
  • ဗိုက်ခွဲထားသောငါးကို ရေစင်အောင်ဆေးပြီး တဖက်ဆီမှာ တချက်စီ မွှန်းပေးပါ
  • ပြီးတာနဲ့ ငါးကိုရေစစ်၍ ဆား နနွင်းနှင့် အချိုမှုန့်တို့ထည့်ကာ အရသာ၀င်အောင် နယ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီးရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးမှုန့်ကို ပြင်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ အသားထူသော ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • အိုးအသားပါးသော ဒယ်အိုးကိုသုံးပါက ငါးအပြင်ခွံ ခနလေးနဲ့ ကျွမ်းတတ်တဲ့အတွက် ထူတာကိုဘဲ သုံးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပြီးမှ ငါးကိုထည့်ကြော်ပါ
  • ငါးမုတ်ရဲ့အရည်ခွံက ပါးလွန်းတဲ့အတွက် မီးပြင်းလွန်းရင် ခနလေးနဲ့မည်းပြီး ကျွမ်းသွားတတ်ပါတယ်
  • ကြော်နေစဉ် တဖက်ကျက်မှ တဖက်ကို လှန်ပေးပါ မကျက်သေးဘဲ လှန်ပါက အသားများ ပဲ့ကုန်တတ်ပါတယ်
  • ငါးတကောင်လုံး ရွှေအိုရောင်သန်းလာပြီး ကျက်တာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • အိုးထဲမှာ ဆီဟင်းခတ်ဇွန်းကြီး တဇွန်းစာသာချန်ထားပြီး ကျန်ပိုနေတဲ့ ဆီများကို ခပ်ထုတ်ပေးပါ
  • မီးကို ခပ်အေးအေးထားပြီး ဆီပူထဲမှာ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အရင်ဆုံး ထည့်ကြော်ပါ
  • ကြော်နေစဉ် မကြာမကြာ မွှေပေးပါ ကြက်သွန်များ ရွှေဝါရောင်လေး သန်းလာတာနဲ့ ငရုတ်သီးမှုန့်နှင့် ငံပြာရည်ကို ထည့်ပြီးမွှေကာ မီးပိတ်ပေးပါ
  • လက်ကျန်အပူရှိန်ဖြင့် ငရုတ်သီး ကြက်သွန်ကြော်များ ကြွတ်လာအောင် ကြော်ပေးပြီး ငါးကြော်ပန်းကန်ထဲ ထည့်ပေးပါ
  • မွှေးပြီးစပ်နေတဲ့ ငါးမုတ်ကြော်ကို ထမင်းပူပူလေးနှင့် သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

2 comments:

  1. မမာရေ..
    ငါးတွေမျှစ်တွေအ၀စားသွားတယ်နော်။း)
    အိုင်အိုရာ့ အကြိုက်တွေချည့်ဘဲ။
    အို်င်အိုရာ

    ReplyDelete
  2. တကယ်ကို ကျွေးချင်မိတယ် အိုင်အိုရာရယ်

    ReplyDelete