တန်ပူရာမှုန့် မရှိလို့ မကြော်ဖြစ်ဖူးလို့ဆိုသူတွေအတွက် အလွယ်တစ်ကူ ၀ယ်လို့ရနိူင်တဲ့ ဆန်မှုန့် ကောက်ညှင်းမှုန့်တို့ရှိရုံနဲ့ ကြော်စားနိူင်မဲ့ အိမ်လုပ် အကြော်မှုန့်စပ်နည်းလေးရယ် ကြော်နည်းလေးရယ်ကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆန်မှုန့် - 3/4 cup
- ကောက်ညှင်းမှုန့် - 1/4 cup
- ဆိုဒါ - 1/2 tsp
- ရေ - 300 ml
- ဆီ - လိုသလောက်
- ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
ပြင်ဆင်ပုံ
- ကုလားပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး ၇ နာရီလောက် စိမ်ထားပါ
- ပဲများ ရေဝလာချိန်မှာ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးစာ ရပါမယ်
- ဇလုံတစ်လုံးထဲမှာ ဆန်မှုန့် ကောက်ညှင်းမှုန့် ဆိုဒါတို့ကို သမအောင်မွှေပေးပြီး ရေနှင့် ဖျော်ကာ မုန့်နှစ်ပွလာအောင် တစ်နာရီလောက် ကြိုပြီးဖောက်ထားပါ
- မုန့်နှစ်ရတာနဲ့ ရေဝနေသော ပဲခြမ်းကို ထည့်မွှေပါ
- အောက်ခြေမကပ်သော ကော်ဖီပန်းကန်ပြားလောက်အရွယ် ဒယ်အိုးကို အပူပေးပါ
- အိုးပူလာတာနဲ့ ဆီကိုအိုးတစ်ဝက်လောက်ထိထည့်ပါ
- ဆီပူတာနဲ့ ပဲခြမ်းမုန့်နှစ်ရည်ကို ယောက်ချိုဇွန်းနှင့် မွှေပြီး တစ်ဇွန်းစာ မရှိတစ်ရှိခပ်ကာ ဆီအိုးထဲ ဖြန့်ပြီး ထည့်ပေးပါ
- ကြော်နေစဉ် ပဲကြော်ကို မွှေမပေးဘဲ ဒီအတိုင်းထားပါ
- အထက်အောက် လှန်ပေးစရာလဲ မလိုပါ
- ပဲကြော်ကျက်ပါက သူ့အလိုလို အရောင်ပြောင်းပြီး ကြွတ်ရွလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
- တစ်ချပ်ဆယ်ပြီးတိုင်း ဆီနည်းသွားပါက ဆီကိုထပ်ထပ်ပြီး ဖြည့်ပေးပါ
- ပဲမုန့်နှစ်ရည် ကုန်တဲ့အထိ အထက်ပါနည်းအတိုင်း ကြော်ပေးပါက ကော်ဖီပန်းကန်ပြားအရွယ် ကြွတ်ပြီးရွနေသော ပဲကြော် ၇ ချပ်ရပါမယ်
- ကြွတ်ကြွတ်မွမွ ပဲကြော်လေးရပါက နှစ်သက်သလို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment