Tuesday 13 September 2016

အိမ်လုပ် နံပြား











ဒီနေ့တော့ အိမ်လုပ် နံပြားလုပ်ဖြစ်လို့ ပဲကုလားဟင်းရည် ချဉ်ငံစပ်လေးချက်ကာ စားဖို့ပြင်ဆင်ပေးပါတယ် ဟင်းရည် ပူပူလေးနဲ့ဆမ်းပြီး စားရတဲ့အရသာက ရန်ကုန်က နယူးဒေလီစားတော်ဆက်ကို ရောက်သွားသလိုပါဘဲ အချိန်ရပြီး အားတဲ့ရက်လေးမှာ ပေါ့ပေါ့ပါးပါးလေးဘဲ လုပ်ရတာမို့လို့ လုပ်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် - 500 g
  2. ရေနွေး ကျက်​သည်းဖျန်း  - 320 ml
  3. ဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. သကြား  - ထမင်းစားဇွန်း တစ်ဇွန်း
  5. Yeast - လက်ဖက်ရည်ဇွန်း 6 g
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်​ဇွန်း
  7. ကြက်ဥ​ - တစ်​လုံး
  8. အောက်ချေမကပ်သော ဒယ်ပြား - တစ်ခု
  9. အဝတ်စများကိုစုပြီး ထုတ်ထားသော အဝတ်ထုတ် - တစ်ခု

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ရေနွေးကျက်သည်းဖျန်း 320 ml yeast 6 g ထည့်ပြီး ပျော်အောင် မွှေပေးပါ
  • နောက်ထပ် ဇလုံတစ်လုံးထဲကို ဂျုံမှုန့်စစ်ဇကာနှင့် ဂျုံမှုန့်များကိုစစ်ပြီး ထည့်ပေးပါ
  • yeast နှင့်​ ရေနွေးကျက်သည်းဖျန်း ဖျော်ထားသော ဇလုံထဲကို ဆားနှင့် သကြားတို့ထည့်ပြီး ပျော်အောင် ဖျော်ပေးပါ
  • ပန်းကန်​တစ်ခုထဲမှာ ကြက်ဥ​ကို ခလောက်​ထားပါ
  • ဂျုံမှုန့်ထည့်ထားသော ဇလုံထဲမှာ ခလောက်ထားသော ကြက်ဥကို အရင်ဆုံးထည့်ပြီး နယ်ပေးပါ
  • ပြီးတာနဲ့ yeast ဖောက်​ထားသော အရည်ကို ဂျုံနှင့်ကြက်ဥ နယ်ထားသော ဇလုံထဲကို နည်းနည်းချင်း ထည့်ပြီး နယ်ပေးပါ
  • ပြီးတာနဲ့ ထိုဂျုံသားထဲကို ဆီထည့်ပြီး နယ်ပေးပါ
  • ဂျုံဒိုးသားရအောင် လက်အားသန်သန်နဲ့ ၁၅မိနစ်ခန့် နယ်ပေးပါ
  • မုန့်သားနယ်နေစဉ် လက်ဖနောင့်နှင့် ဖိဖိနယ်ပေးရသလို လက်သီးဆုတ်နဲ့လဲ ထိုးထိုးပေးပါ
  • လက်မှာ ဂျုံများမကပ်တော့တဲ့အထိ နယ်ပေးပြီး ဒိုးသားရတာနဲ့ ဒိုးသားထည့်ထားသော ဇလုံကို အပေါ်မှ အဖုံးတခုဖုံးကာ နှစ်နာရီခန့် အုပ်ထားပေးပါ
  • နှစ်နာရီပြည့်တာနဲ့ စားပွဲသန့်သန့်ပေါ်မှာ ဂျုံမှုန့်အနည်းငယ်ဖြူးကာ လက်ကိုဆီသုတ်ပြီး  ဒိုးသားကို အနေတော်လေးတွေ ၈ခုရအောင် ခွဲပေးပါ 
  • ပြီးတာနဲ့ တစ်ခုစီယူပြီး ဂျုံမှုန့်ဖြူးကာ ဒလိမ့်တုံးနှင့် ခပ်ပြားပြားလေးရအောင် ပုံပါအတိုင်း လှိမ့်ပေးပါ
  • မုန့်ကို ဆက်တိုက် အိုးပူတိုက်ပြီး ဖုတ်လို့ရအောင် ဒိုးသားကုန်အောင် လှိမ့်ပေးပြီးမှ ဒယ်အိုးကို အပူပေးပါ
  • ပြီးတာနဲ့ ထုတ်​ထားသော အဝတ်​ထုတ်​ပေါ်မှာ ဖြန့်​ပြီးကပ်​ပေးပါ
  • ဒယ်အိုးပြားပြားကို မီးအနေတော်နှင့် အပူပေးထားပါ
  • မုန့်သားကပ်​ပြီးတာနဲ့ မုန့်​သားအပေါ်ကို ရေအနည်းငယ် လက်မှာစွတ်ပြီး တောက်​ပေးပါ
  • ဒယ်အိုးပူလာပြီးတာနဲ့ မီးကို အနည်းငယ် လျှော့လိုက်ပါ
  • ပြီးတာနဲ့ ရေတောက်​ထားသော မုန့်သားကို ဒယ်အိုးမှာ ကပ်​ပေးပါ
  • ဒယ်အိုးထဲမှာ မုန့်သားထည့်ပြီးတာနဲ့ အောက်ဖက်မှ အပူရှိန်ကြောင့် မုန့်သားပွတက်လာပြီး ကျက်ပါက ဒယ်အိုးကို လက်​ကိုင်​ကိုင်းမှ ကိုင်​ကာ မီးဖိုပေါ်မှ အနည်းငယ်ခွာကာ မှောက်​တင်​ပေးပါ
  • တဖက်ကို လှန်ပေးထားသော အောက်ဖက်မှာ ရွှေဝါရောင် နည်းနည်းသန်းလာတာနဲ့ နံပြားကို ဒယ်အိုးပေါ်မှ ဖယ်ပေးပါ
  • အထက်ပါ နည်းအတိုင်း မုန့်သားကုန်အောင် အိုးပူတိုက်ပြီး ဖုတ်ပေးပါ
  • နံပြားအားလုံး ပြီးတာနဲ့ အဆင်သင့် ချက်ထားသော ပဲကုလားဟင်းနှင့် ဆမ်းပြီးစားနိုင်သလို နွားနို့ပူပူလေးနှင့်လဲ စိမ်ပြီးစားနိုင်ကာ နှစ်သက်သလို ပြင်ဆင်ပြီး စားနိုင်ပါပြီ။
  • မြန်မာပြည်မှာလို စဥ့်အိုးကြီးကို အပူပေးပြီး ဖုတ်ထားသော နံပြားအရသာအတိုင်း ရပါတယ်။

No comments:

Post a Comment