Saturday 17 September 2016

ကျွဲကောသီးသုပ်





ကျွဲကောသီးသုပ် သုပ်စားလေတိုင်း အရင်ဆုံး လွမ်းမိတာက အဖေနဲ့အမေရယ်ကိုပါ မိသားစုတွေ ကျောင်းပိတ်ရက် ခြံထဲသွားလေတိုင်း ကျွဲကောသီး ပေါ်ချိန်ဆို မမုန်းတမ်း သုပ်စားဖြစ်ကြတဲ့ အသုပ်တစ်မျိုးပါ အချဉ်သီးက သုပ်စားရင် ပိုပြီးကောင်းပါတယ် အချိုသီးဆိုရင်တော့ ချဉ်ချဉ်လေး ဖြစ်အောင် သံပုရာရည်လေးကဲပြီး သုပ်စားကြပါတယ်။

အခုထိ သစ်ပင်မျိုးစုံရှိနေတဲ့ အဖေနဲ့ အမေတို့ရဲ့ ခြံကြီးကိုလဲ လွမ်းမိပါရဲ့ အမေသုပ်ကျွေးတတ်တဲ့ ကျွဲကောသီးသုပ် ချဉ်ငံစပ်မွှေးလေးကိုလဲ စားချင်မိပါသေးတယ် သို့ပါသော်လဲ အရာရာက လွမ်းမောစရာလေးတွေ ဖြစ်စေခဲ့ပါပြီ  ဒါကြောင့်မို့လို့ လွမ်းစရာကောင်းတဲ့ အမေ့လက်ရာ ကျွဲကောသီးသုပ် သုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကျွဲကောသီး - အနေတော် တစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ရှောက်ရွက်အနု-  သုံးရွက်ခန့်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  7. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ကျွဲကောသီးကို အခွံခွာပြီး အသားနွှင်ကာ လေလုံအောင်ထုတ်ပြီး ရေခဲသေတ္တာထဲထည့်ကာ နာရီဝက်လောက် အအေးခံထားပါ
  • ရေခဲသေတ္တာထဲထည့်ပြီး အအေးမခံဘဲ ချက်ခြင်းသုပ်မည် ဆိုပါက ကျွဲကောသီးက ခါးတတ်တဲ့အတွက်  အရသာနယ်ကာနီးမှ ကျွဲကောသီးကို အသားနွှင်ပြီး ထည့်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ရှောက်ရွက်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ လှီးထားသော ကြက်သွန်နီ ငံပြာရည် ပုဇွန်ခြောက်မှုန့် သံပုရာရည် ခနောကြက်သားမှုန့် ငရုတ်သီးအလှော်မှုန့် ရှောက်ရွက်တို့ကို အရင်ဆုံး သမသွားအောင် ဇွန်းနှင့်မွှေပေးပါ
  • အားလုံး အရသာ သမသွားတော့မှ အအေးခံထားသော ကျွဲကောသီးကိုထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • ခပ်ဖွဖွ နယ်ပြီးတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် သလိုပြင်ကာ နေ့လည်နေ့ခင်း သူငယ်ချင်းများနှင့်အတူ ၀ိုင်းဖွဲ့ပြီး စားနိုင်ပါပြီ။

No comments:

Post a Comment