Monday 12 September 2016

ကြက်သားလုံးကြော်






ဒီနေ့တော့ အရင်နဲ့မတူ တစ်မူထူးစေပြီး မြန်မာအစာတွေ နှစ်သက်သူတွေအတွက် ငရုတ်ကောင်း ချင်း ကြက်သွန်ဖြူထောင်း မွှေးမွှေးလေးတို့ရဲ့ အနံ့အရသာတွေကြောင့် ခံတွင်းတွေ့စေမဲ့ ရိုးရှင်းလွယ်ကူတဲ့ ကြက်သားလုံးကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင်သား အရိုးထွင်ပြီးသား - 300 g
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး လေးမွှာ
  3. ချင်း - ခပ်ပါးပါး ငါးပြား
  4. ကြက်သွန်နီ အလုံးကြီးကြီး - တစ်လုံး
  5. ကြက်သွန်မြိတ် - အနေတော်အပင် ငါးပင်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. တန်ပူရာမှုန့် - ထမင်းစားဇွန်း မောက်မောက် တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ဆီ - လိုသလောက်

ပြင်ဆင်ပုံ
  • ကြက်ပေါင်သားကို ရေဆေးပြီး ရေစစ်ကာ အရိုးအသား သပ်သပ်စီ ထွင်ပေးပါ
  • အသားများကို ဓါးနှင့်ခပ်နုတ်နုတ် စင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးပေးထားပါ
ကြော်ရန် ပြင်ဆင်ပုံ
  • အားလုံးအဆင့်ဖြစ်တာနဲ့ဆီမှလွဲပြီး ပါဝင်ပစ္စည်း အားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ သမအောင် နယ်ပေးပြီးပါက အနေတော် အလုံးလေးများ လုံးပေးပါ
  • လုံးပြီးတာနဲ့ ဇောက်နက်သော ဒယ်အိုးထဲကို ဆီလိုသလောက်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားလုံးများကို တစ်လုံးစီ ထည့်ပေးပါ
  • ကြော်နေစဉ် ခနခန မွှေပေးစရာ မလိုဘဲ တစ်ဖက်ကျက်မှ နောက်တစ်ဖက်ကို လှန်ပေးပါ
  • ကြက်သားလုံး တစ်လုံးလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပါ
  • ဆီစစ်သွားတာနဲ့ နှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးပါ
  • ချင်း ကြက်သွန်ဖြူ  ငရုတ်ကောင်းနံ့သင်ပျံ့နေတဲ့ ကြက်သားလုံးကြော် မွှေးမွှေးလေး ရပါပြီ

No comments:

Post a Comment