Tuesday 20 September 2016

ငါးသံချိတ် အိုးကပ်ဟင်း







မြန်မာပြည်မှာတော့ ချောင်းထဲကရတဲ့ ငါးလေးတွေမို့လို့ နေ့စဉ်မပါမဖြစ် ချက်တတ်တဲ့ အိုးကပ်ဟင်းတမယ်ပါ ချဉ်ငံစပ်လေး ချက်လေတော့ ဟင်းနည်းနည်းနဲ့ ထမင်းများများ စားနိုင်သလို စားမိန်တဲ့ ဟင်းတမယ်ပါ။

ဒီနေ့တော့ ချက်ရတာ လွယ်သလောက် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ငါးသံချိတ် အိုးကပ်ဟင်းလေး ချက်ဖြစ်လို့ လွယ်ကူမြန်ဆန် ဟင်းချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးသံချိတ် - 500 g
  2. ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  3. ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ထောင်းထားသော ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. မကျီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ငါးအရသာနယ်ရန်

  • ငါးသံချိတ်များကို ဆူးတောင်များဖယ်ပြီး ဗိုက်ထဲမှ မလိုတာတွေ ဖယ်ပေးပါ
  • ပြီးတာနဲ့ ငါးများကို ရေစင်အောင် ဆေးပေးပါ
  • သန့်စင်ပြီး ရေစင်အောင်ဆေးထားသော ငါးသံချိတ်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • ဆား ငံပြာရည် နနွင်းမှုန့်အရသာမှုန့်တို့ထည့်ပေးပြီး အရသာဝင်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ
  • မကျည်းသီးမှည့်အနှစ်ကို ပြင်ထားပါ

ဟင်းချက်ရန်

  • အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
  • ဆီပူလာပါက ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို တမိနစ်လောက် မွှေးလာတဲ့ထိထည့်မွှေပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသားများ မာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
  • ငါးအသားမာတာနဲ့ရေမြုပ်အောင်ထည့်၍ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေဆူလာတာနဲ့မကျီးမှည့်အနှစ်ထည့်ပြီး ဆီပြန်ပြီး အိုးကပ်လာတဲ့အထိ တည်ပေးပါ
  • ဆီပြန်ကာ အိုးကပ်လာပါက အရသာမြည်းပြီး လိုသလိုပြင်ပေးပါ ချဉ်ငံစပ် အရသာကောင်းတဲ့ ငါးသံချိတ် အိုးကပ်ဆီပြန်ဟင်းလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment