Wednesday 14 September 2016

အိမ်လုပ် ပလာတာ




















ပလာတာ လုပ်နည်းလေး တင်ဖူးပါတယ် အဲဒီတုန်းကတော့ ကြက်ဥ ပလာတာလုပ်နည်းလေး တင်လိုက်တာပါ ဒီနေ့ကတော့ မုန့်သားစပ်နည်းတူပြီး မုန့်ဒိုးသားကို လှိမ့်နည်းလေး နည်းနည်းပြင်ပြီး သကြား ပဲပြုပ်ဆီဆမ်း ကြက်သားဟင်း ပဲဟင်းရည်နဲ့ဆမ်းပြီး စားလို့ရတဲ့ ပလာတာ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် - 3 cups
  2. ရေ  - 1 cup
  3. ဆီ - ထမင်းစားဇွန်း သုံးဇွန်း (မုန့်သားစပ်ရန်)
  4. ဆီ - လိုသလောက် (မုန့်သားနှပ်ရန်နှင့်ကြော်ရန် )
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲကို ဇကာစိတ်စိတ် ခံပေးပြီး ဂျုံမှုန့်ကို လောင်းထည့်ကာ ဇကာချပေးပါ
  • ပြီးတာနဲ့ ဂျုံမှုန့်ကို အလယ်မှာ အချိုင့်လေးလုပ်ကာ ရေနည်းနည်းခြင်းထည့်ပြီး ဆားနှင့်ဆီကို ထည့်ပေးပါ
  • ပြီးတာနဲ့ ဂျုံသားပြော့ပျောင်းလာအောင် နယ်ပေးပါ ရေကို တခါထဲ မထည့်ဘဲ နည်းနည်းခြင်း ထည့်နယ်ပေးပါ
  • ဂျုံသား ပျော့လာတာနဲ့ ဇလုံထဲမှာဘဲ ဂျုံသားကို လက်သီးဆုတ် လက်ဖနောင့်နှင့် ၅မိနစ်ခန့် ဖိဖိနယ်ပေးပါ
  • ဂျုံ ဒိုးသားရတာနဲ့ ဇလုံထဲမှာ အ၀တ်ရေစိုကို ရေညှစ်ပေးပြီး မိနစ်၃၀လောက် အုပ်ပေးထားပါ
  • မိနစ်၃၀ပြည့်တာနဲ့ ဒိုးသားကို ပုံပါအတိုင်း ရှည်မြောင်းမြောင်းလေးရအောင် လှိမ့်ပေးပါ
  • ထိုမုန့်သားကို အရွယ်တူ အနေအထားလေးတွေ ၈ပိုင်းရအောင် ဖြတ်ပေးပါ
  • မျက်နှာပြင်ညီသော စားပွဲပေါ်မှာ ဂျုံမှုန့်အနည်းငယ် ဖြူးပေးပြီး ဒိုးသားတခုကို တင်ပေးပါ
  • ဒိုးသားကို မုန့်လုပ်သည့် ဒလိမ့်တုံးနှင့် ပြားနိုင်သလောက် ပြားအောင် လှိမ့်ပေးပါ
  • မုန့်သားပြားလာတာနဲ့ မုန့်ပြားတခုလုံးကို ဆီရွှဲနေအောင် သုပ်ပေးပါ
  • ဆီသုပ်ပြီးတာနဲ့ အလယ်ဗဟိုချက်လောက်မှ အောက်အနားထိ ပုံပြပါအတိုင်း ဓါးနှင့်လှီးချပေးပါ
  • လှီးထားသည့်နေရာမှ အတွင်းဘက်သို့ လိပ်ပြီးယူသွားပါ
  • လိပ်ပြီးတာနဲ့ ပုံပြပါအတိုင်း ထိပ်ဖက်အချွန်ကို လက်မနှင့် အတွင်းဘက်ကို အသာဖိချပေးပါ
  • ဤသို့လုပ်ပေးခြင်းကြောင့် ပလာတာ အထပ်လေးများ ရလာမှာ ဖြစ်ပါတယ်
  • မုန့်ဒိုးသားများ အားလုံးကို အထက်ပါ နည်းအတိုင်း လုပ်ပေးပါ
  • ဆီ လက်ဖက်ရည် အကြမ်းပန်ကန်လုံး ၂လုံးစာလောက်ကို ဇလုံခပ်သေးသေးလေးထဲမှာ ထည့်ထားပါ
  • မုန့်သားအားလုံး ပြီးတာနဲ့ မုန့်တလုံးခြင်းဆီကို ဆီထည့်ထားသော ဇလုံပန်းကန်ထဲမှာ ထည့်ပေးပြီ ဆီစိုကောင်လုပ်ကာ ပြန်ပြီးဆယ်ပေးပါ
  • အားလုံးဆီစွတ်ပြီးတာနဲ့ ဒိုးသားများကို ညီညီညာဘာ စီပေးကာ အ၀တ်ကို ရေစွတ်ပြီး ရေစင်အောင်ညှစ်ကာ ဒိုးသားများအပေါ်မှာ မိနစ်၂၀လောက် လုံအောင် အုပ်ပေးထားပါ
ပလာတာလုပ်ရန်
  • ပလာတာလုပ်ရန် အောက်ခြေမကပ်သော ဒယ်အိုးကို မီးငွေ့ငွေ့နဲ့ အပူပေးထားပါ
  • မုန့်ဒိုးသားများ ဆီစွတ်ပေးပြီး ပိုသောဆီကို အဆင်သင့် ပြင်ထားပါ
  • ဆီစွတ်ပြီး နှပ်ထားသော ဒိုးသားကို စားပွဲပေါ်တင်ပြီး ဒလိမ့်တုံးနှင့် ပုံမှာပြထားသည့်အတိုင်း ခပ်ပြားပြား အနေအထား ရသည်အထိ လှိမ့်ပေးကာ ကြက်ဥပလာတာလုပ်သလို အရမ်းပြားစရာ မလိုပါ 
  • မီးအပူပေးထားသော ဒယ်အိုးကို ဆီထမင်းစားဇွန်း ၂ဇွန်းလောက်ထည့်ကာ မီးအရှိန်ကို အလယ်လောက်အထိ ထပ်ပြီးမြှင့်ပေးပါ
  • ဆီပူလာတာနဲ့ ဒလိမ့်တုံးနှင့် လှိမ့်ထားသော မုန့်သားကို ဒယ်အိုးထဲ ထည့်ပေးပါ
  • မီးအားအရမ်း မပြင်းအောင် သတိထားပါ
  • မုန့်သားများ ပွတက်လာတာနဲ့ တဖက်ကို လှန်ပေးပါ
  • အောက်ဖက်အခြမ်းနှင့် လှန်ပေးထားသောအခြမ်း ကျက်လာလျှင် ဆယ်ပြီးဆီစစ်ပေးထားပါ
  • မုန့်သားအားလုံး ထိုနည်းအတိုင်း ကြော်ပေးပြီးပါက ပလာတာ စိမ့်စိမ့်လေး ရပါပြီ။
  • အထက်ပါ နည်းအတိုင်း သကြားပလာတာ ပဲပလာတာ ပဲရည်ဆမ်းပလာတာ မျိုးစုံအောင် လုပ်စားနိုင်ပါတယ်။

1 comment: