Monday, 30 November 2015

သရက်ချဉ် မွှေးမွှေးလေး











သရက်သီးစိမ်း ပေါ်ချိန်လေးမှာ သရက်သီးကို အမျိုးမျိုး လုပ်စားဖြစ်တဲ့ အထဲက ဒီနေ့တော့ သရက်ချဉ်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီး လှီးပြီးသား - 1000g
  • ဆားကြမ်း - 100g
ပြင်ဆင်ပုံ
  1. သရက်သီးများကို အညှာဖက်မှ အနည်းငယ်လှီးကာ အစေးများ ထွက်စေရန် ရေ ၃နာရီလောက် စိမ်ထားပါ
  2. ရေစိမ်ပြီးပါက သရက်သီးများကို အခွံမခွာဘဲ ခပ်ပါးပါးစီ အချပ်လေးများ ရအောင် အရင်ဆုံး လှီးပေးပါ
  3. သရက်စေ့များကို ထည့်မသုံးပါ
  4. လှီးလို့ရလာသော အချပ်များကို အစိတ်အမြှောင်းလေးများရအောင် လှီးပေးပါ
  5. အားလုံးလှီးပြီးတာနဲ့ ဇလုံတလုံးထဲထည့်ပြီး ဆားနှင့် ခပ်ဖွဖွနယ်ပေးပါ
  6. ဆားနှင့်နယ်နေစဉ် ထွက်လာသော အရည်များနှင့်အတူ ပလပ်စတိတ်အိတ် သန့်သန့်ထဲထည့်ပြီး ကျစ်နေအောင် လိမ်ပြီးထုတ်ပေးပါ
  7. ပြီးတာနဲ့ သွားထိုးတံ သန့်သန့်ဖြင့် အပေါက်လေးများ လိုက်ဖောက်ပေးကာ ဇလုံတခုထဲထည့်ပြီး အပေါ်မှ ခပ်လေးလေး အလေးတခုနှင့် ဖိပြီး တရက်ထားပေးပါ
  8. အလေးဖိထားစဉ် ထွက်လာသော အရည်များနှင့် သရက်သီးများကို တနေကုန် စိမ်ထားပေးပါ
  9. နောက်တနေ့မှာ ထွက်လာသော အရည်များကိုသွန်ပြီး နောက်တရက် ထပ်ပြီး အလေးနှင့် ထပ်ဖိပေးထားပါ
  10. ထပ်ပြီးထွက်လာသော အရည်များ စစ်သွားစေရန် သရက်သီးထုတ်အောက်မှ ပန်းကန်ပြားတချပ်ကို မှောက်ပြီးခံကာ သရက်သီးထုတ်တင်ပြီး အပေါ်မှ အလေးဖြင့် ထပ်ဖိထားပေးပါ
  11. ထွက်လာသော အရည်များကို သွန်ပြစ်ပြီး သရက်ချဉ်နှင့် မထိအောင် ထားပေးပါ
  12. ၂ရက်မြောက်နေ့မှာ ထွက်လာသော အရည်များစစ်သွားပြီး သရက်ချဉ်မွှေမွှေးလေး ရပါပြီ။

Sunday, 29 November 2015

ကြက်သား ပျားရည်ကြော်


ကြက်သားနဲ့ပျားရည်ကြော်ရတာ စားလို့ကောင်းသလောက် ကြော်ရတာတော့ နည်းနည်းလေး လက်ဝင်ပါတယ် မီးအချိန်အစ တော်တော်လေး သတိထားရပြီး မီးများတာနဲ့ ပျားရည်အချိုအရသာကြောင့် မည်းမည်းကြီး ဖြစ်သွားတတ်ပါတယ်။

မီးနည်းလွန်းရင်လဲ တော်တော်နဲ့အတွင်းသားက မကျက်နိုင်ပြန်ပါဘူး ဒါကြောင့်မို့ မာမာကြော်တဲ့နည်းကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်ရင်းသား - ၄တုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ပျားရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးခွဲ
ကြက်သားအရသာနယ်ရန်
  1. ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် paper towel နှင့် ခြောက်အောင် သုပ်ပါ
  2. နနွင်းမှုန့် ဆား ပျားရည်တို့နှင့် အရသာဝင်အောင် ဆုပ်ဆုပ်နယ်ပေးပါ
  3. ရေခဲသေတ္တာ အောက်ထပ်မှာ တည သို့မဟုတ် ၅နာရီလောက် ထားပေးပါ
  4. ရေခဲသေတ္တာထဲမှာ မထားချင်လဲ ချက်ခြင်းကြော်နိုင်ပါတယ်
ပြင်ဆင်ပုံ
  • ဆီကို မီးအားပြင်းပြင်းနဲ့ အပူပေးလိုက်ပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိလျှော့ပြီး အငွေ့ငြိမ်အောင် ထားလိုက်ပါ
  • ဆီအငွေ့ငြိမ်တော့မှ ကြက်သားကို တတုံးခြင်း ဆန့်သလောက် ထည့်ကြော်ပါ
  • အရည်ခွံများ မည်းမသွားစေရန် မကြာမကြာ လှန်လှန်ပေးပြီး တဖက်ကို ၃မိနစ်လောက်ဘဲ ကြော်ပေးပါ
  • ပြီးတာနဲ့ ဆယ်ပြီး ဆီစစ်ကာ မိုက်ခရိုဝေ့ထဲမှာ တမိနစ်ဆီ ၂ခါ ၃ခါလောက် ဟိုဘက်ဒီဘက်လှန်ပေးပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ ထမင်းပူပူလေးနှင့် တွဲပြီး စားနိုင်တဲ့ ကြက်သားပျားရည်ကြော် မွှေးမွှေးလေး ရပါပြီ။

ပဲပင်ပေါက်ဖောက်နည်း အဆင့်ဆင့်











၂၀၁၃ခုနှစ်က ပဲပင်ပေါက် ဖောက်နည်း တခါတင်ပေးဖူးပါတယ် ပဲပင်ပေါက် ဖောက်ရတာ အရမ်းကိုလွယ်လွန်းပြီး အိမ်မှာဖောက်တဲ့ ပဲပင်ပေါက်က ပိုပြီးစားရတာ ကောင်းပြီး သန့်သန့်ပြန့်ပြန့် စားရတာမို့ ဖောက်ကြည့်စေချင်ပါတယ်။

အရင်တခါ တင်တုန်းက အပင်ပေါက်လာတာနဲ့ အခွံတွေကို ရေဆေးပြီးချွတ်တဲ့ နည်းလေးတင်ပေးထားတာပါ အခုတခေါက်တော့ အခွံတွေကို ရေမဆေးဘဲ ချွတ်တဲ့နည်းလေးက ပိုပြီးလွယ်လို့ ဒီနည်းကို ပြန်ပြီးတင်ပေးလိုက်ပါတယ်။

ပဲပင်ဖောက်ပုံ အဆင့်ဆင့်

  • ပဲစေ့ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးကို ရေမြုပ်အောင်ထည့်ပြီး ပဲများပွလာအောင် တညသိပ် ရေစိမ်ထားပေးပါ
  • နောက်နေ့မနက် ပဲစေ့များ ပွလာပါက အပေါက် ခပ်စိပ်စိပ်ပါပြီး ဇောက်နက်သော ဇကာထဲ သွန်ချကာ ဇကာအပေါ်မှ အုပ်ပြီးထားပေးပါ
  • သတိရရင် ရသလို ရေလောင်းပေးနိုင်စေရန်  ဘေဇင်နားတွင်ထားပြီး ရေလောင်းလောင်းပေးပါ
  • ဒုတိယမြောက်နေ့မှာ အပင်လေးများ စထွက်လာပြီး တတိယနေ့မှာ အပင်တော်တော်လေး ရှည်လာပါလိမ့်မယ်
  • ရေကို မကြာမကြာ လောင်းပေးပြီး အဖုံးအုပ်ထားပါက အပင်ထွက်နူံး ပိုမြန်ပါတယ်
  • တတိယမြောက် နေ့လည်လောက်ဆို ဇကာအပေါ်ကို မောက်တက်လာပါက ဗန်းကျယ်ကျယ် တခုထဲကို လက်တဆုတ်စာ စွဲယူပြီး အောက်ခြေအမြစ်များကို ကပ်ကြေးဖြင့် ညှပ်ချပြီး အပင်များကို ထည့်ပေးပါ
  • အမြှစ်များ မဖယ်ချင်လဲ ဒီအတိုင်း ဗန်းကျယ်ကျယ်ထဲ ထည့်ကာ ပဲပင်များကို ဖွလိုက် ခါလိုက်လုပ်ကာ ယူပေးပါ
  • အပင်များကို လက်နှစ်ဖက်ဖြင့် ဖွဖွပေးပြီး အခွံများကို ခါချပေးသလို ဖြစ်ပြီး အခွံများ အောက်ဖက်မှာ ကျန်ခဲ့ပါလိမ့်မယ်
  • အမြှစ်နှင့် အခွံများကို လွှင့်ပြစ်ပါ
  • ပဲပင်ပေါက် ကုန်တဲ့ထိ ထိုနည်းအတိုင်း လုပ်ပေးပါက ပဲအခွံချွတ်ရတာ ပိုပြီးမြန်ပါတယ်။





Saturday, 28 November 2015

ဆင်ခေါင်းပဲ အာလူးအစပ်ချက်


ဆင်ခေါင်းပဲပြုပ်ပြီးသားကို ကြက်သွန်စိမ်းနဲ့ သုပ်စားရတာ ကြိုက်သလို ဆီစိမ်းလေးဆမ်းပြီး စားရတာကိုလဲ နှစ်သက်ပါတယ် ဒီတခါတော့ ချဉ်ငံစပ်ဟင်းလေးချက်ပြီး ပလာတာနဲ့တွဲပြီးစားဖို့ ပြင်ထားပါတယ် စားလို့ကောင်းလွန်းတဲ့ ပဲအစပ်ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ

  • ပြုပ်ပြီးသား ဆင်ခေါင်းပဲ - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • အခွံခွာပြီး ရေဆေးကာ အနေတော်တုံးထားသောအာလူး - အနေတော် ၂လုံး
  • ပျဉ်းတော်သိမ်းရွက် - အနေတော် ၂ခက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - အနေတော် တလုံး
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွှန်း လေးဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ရေ လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲလောက်နှင့် စိမ်ထားသော မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက်
ပြင်ဆင်ပုံ
  • ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးမှုန့်တို့ကို ထည့်မွှေပြီး မွှေးလာအောင်ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့အာလူးကို ထည့်မွှေပြီး ရေမြုပ်အောင်ထည့်ကာ အာလူးနူးအောင် ချက်ပေးပါ
  • အာလူးနူးတာနဲ့ ပြုပ်ပြီးသားပဲ ဆား အရသာမှုန့်တို့ ထည့်ပြီးမွှေပေးပါ
  • ပြီးတာနဲ့ မကျီးမှည့်ရည်ထည့်ကာ ရေခမ်းတဲ့အထိ ချက်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလိုပြင်ကာ ပျဉ်းတော်သိမ်းရွက်အုပ်ပြီး မီးပိတ်ပေးနိုင်ပါပြီ။
တွဲဘက်စားရန် 

  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အနေတော် စိပ်ထားပါ
  • သခွားသီးကို ရေဆေးပြီး အနေတော် လှီးထားပါ

Friday, 27 November 2015

စပ်စပ်မွှေးမွှေး ငရုတ်သီးဆားထောင်း


ချဉ်ရည်ဟင်း တမယ်ချက်တိုင်း မပါမဖြစ်တဲ့ ငရုတ်သီးဆားထောင်းလေး ထောင်းဖြစ်တာမို့ ငရုတ်သီးဆားထောင်း ထောင်းနည်း အမျိုးမျိုးတွေထဲက ဒီတခါ ငရုတ်သီးအလှော်မှုန့်နဲ့ ထောင်းဖြစ်တဲ့ နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည် ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၉မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲဆီစိမ်း - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  1. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  2. ငရုတ်သီးမှုန့် ဆား အချိုမှုန့် ဆီတို့ပြင်ထားပါ
  3. အရင်ဆုံး ကြက်သွန်ဖြူကို ငရုတ်ဆုံထဲမှာ မညက်တညက်ထောင်းပါ
  4. ပြီးတာနဲ့ ငရုတ်သီးမှုန့် အချိုမှုန့် ဆားတို့ထည့်ပြီး ၁၅ချက်လောက်ထောင်းပေးပါ
  5. ပန်းကန်တခုထဲပြောင်းပြီး ငရုတ်သီးဆားထောင်းကို ဆီစိမ်ပေးပြီး လိုက်ဖက်တဲ့ ချဉ်ရည်ဟင်းနဲ့ တွဲဘက်ပြီး စားသုံးနိုင်ပါပြီ။



Thursday, 26 November 2015

ဆေးပေါင်းခမဲ့ မယ်ဇလီဖူးသုပ်









ဒီနေ့က တန်ဆောင်မုန်းလပြည့်နေ့ပါ တန်ဆောင်မုန်းလပြည့်နေ့ ညအခါသမယတွင် မယ်ဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် ၉၆ပါးသောရောဂါကို ပျောက်ကင်းသက်သာစေပြီး အသက်ကိုရှည်စေပါတယ်လို့ သာရကောမုနိဆေးကျမ်းက ဆိုထားပါတယ်။

တန်ဆောင်မုန်းလပြည့်ည အခါသမယမှာ ဆေးပင်တို့ကိုစောင့်ရှောက်ကြတဲ့ နတ်အပေါင်းတို့က မယ်ဇလီပင်စောင့်နတ်မင်းကို တချိန်တည်းမှာ တညီတညွတ်တညွတ်ထဲ လာရောက်ခစားကြတဲ့အတွက် ဆေးပေါင်းခတယ်လို့လည်းဆိုပါတယ်။

တန်ဆောင်မုန်းလပြည့်ညက ကြယ်တာရာနတ္ခအစုံ ထွက်ပေါ်ချိန်လရိပ်က ရေရဲ့အလယ်ကျနေချိန် ဖြစ်တဲ့အတွက် အဲဒီအချိန်ခူးဆွတ်မိတဲ့ ဆေးပင်ဆေးရွက်တို့ဟာ ဆေးအာနိသင် အပြည့်အ၀ပြတယ်လို့လဲ ဆိုကြပါတယ်။

ညသန်းခေါင် မွန်းတည့်ချိန်ရောက်သောအချိန်မှာ ရရာသစ်မြစ်ကို နူတ်ယူသိမ်းဆည်းကာ ဆေးဝါးအဖြစ်သုံးစွဲတတ်ကြပါသေးတယ် ဤကဲ့သို့ဘဲ လက်လှမ်းမှီရာ အသီးအရွက်တ်ု့ကို ခူးယူကာ သုပ်စားခြင်းဖြင့်လဲ ဆေးပေါင်းခတယ်လို့ဆိုကြပါတယ်။

ဒီနေ့ည လမွန်းတဲ့ချိန်မှာ ဆေးပေါင်းခအောင်စားမဲ့ မယ်ဇလီဖူးသုပ် အကြောင်းလေးကို အရင်နှစ်က ရေးထားတဲ့စာလေးဘဲ ပြန်ကူးပြီး တင်ပေးလိုက်ပါတယ်။

မယ်ဇလီဖူးသုပ်ရာတွင် ပါဝင်သောပစ္စည်းများ

  • နူးနေအောင်ပြုပ်ပြီး ငရုတ်ဆုံထဲ ထည့်ပြီး ညက်နေအောင် ထောင်းထားသော မယ်ဇလီဖူး - လက်ဖက်ရည်ပန်းကန် တလုံးမောက်မောက်
  • ပါးပါးလှီးထားသော ကြက်သွန်နီ -အနေတော် တလုံး
  • ပါးပါးလှီးထားသော ခရမ်းချဉ်သီး - အနေတော် တလုံး
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း အားလုံးတို့ကိုရောနယ်ပြီး ခပ်ဖွဖွနယ်ကာ သုပ်ထားပါတယ်

ဆိတ်သား ဒံပေါက်




အခုတခါ ဆိတ်သားနဲ့ ဒံပေါက် ချက်စားဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ် ဟင်းထဲကိုထည့်တဲ့ အစာတွေကတော့ အရင်ကြက်သားနဲ့ချက်သလိုဘဲ ထည့်တဲ့ ပစ္စည်းများအတူတူပါဘဲ ဆိတ်သားက ကြက်သားလို မနူးလွယ်တဲ့အတွက် ဟင်းချက်ပြီးမှ ထမင်းထည့်ကာ ချက်ထားမို့ ချက်နည်းလေး နည်းနည်းကွာပါတယ်။

ဒံပေါက် ၃ပွဲစာ ပါဝင်ပစ္စည်းများ

ဆိတ်သား 500g အတွက် အရသာနယ်ရန်



  • လေးညှင်း -၂ခု
  • ကရဝေးရွက် - ၂ရွက် 
  • ဖာလာစေ့ - ၃စေ့
  • ထောင်းထားသော ဂျင်း - လက်ဖက်ရည်ဇွန်း တဇွန်း
  • ထောင်းထားသော ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၃မွှာ 
  • ထောင်းထားသော နံနံစေ့ - ၁၀စေ့ခန့်
  • ထောင်းထားသော ဇီယာစေ့ - ၁၀စေ့ခန့် 
  • ဒိန်ချဉ် ထမင်းစားဇွန်း - ၃ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • သစ်ဂျပိုးခေါက် - တလက်မလောက် တချောင်း
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပါးပါးလှီးထားသော - ပူစီနံ ထမင်းစားဇွန်း တဇွန်းခွဲ
  • ပါးပါးလှီးထားသော နံနံပင် - ထမင်းစားဇွန်း တဇွန်းခွဲ
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်
  • ကြော်ပြီး ဆီစစ်ထားသော ကြက်သွန်နီဆီချက်အဖတ် - ထမင်းစားဇွန်း ၅ဇွန်း
    • အားလုံးကို ရောနယ်ပြီး ရေခဲသေတ္တာထဲမှာ တညသိပ်နှပ်ပေးပါ (သို့မဟုတ် )၄နာရီခန့် နှပ်ထားပေးပါ 

ထမင်းချက်ရန် လိုသောပစ္စည်းများ  
  • Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • ရေ - 1.7 Lခန့်
  • ghee ထောပါတ် - ထမင်းစားဇွန်း တဇွန်း
  • ကရဝေးရွက် - ၂ရွက်
  • ဖာလာစေ့ - ၂စေ့
  • လေးညှင်း - ၃ပွင့်
  • ငရုတ်ကောင်း - ၃စေ့
  • ဆား - လက်ဖက်ရည်ဇွန်း ၃ဇွန်း

ထမင်းချက်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ရေကိုဆူအောင်တည်ပြီး ဆား ထောပတ် ကရဝေးရွက် ဖာလာစေ့ ငရုတ်ကောင်းစေ့တို့ထည့်ပြီး တမိနစ်လောက် ဆူအောင်ထားပါ
  • တမိနစ်ပြည့်တာနဲ့ဆန်ထည့်ကာ မီးအားပြင်ပြင်းနဲ့ ဆူအောင် ဆက်တည်ပါ
  • ဆန်တ၀က်ကျက်ဖို့ ငါးမိနစ်လောက်တည်ပြီးတာနဲ့ အပေါက်စိတ်သော ဇကာထဲ သွန်ချပြီး ရေစစ်ထားပါ
ဆိတ်သားချက်ရန် ပြင်ဆင်ပုံ
  • အရသာနယ်ထားသော ဆိတ်သား
  • ဆီ ထမင်းစားဇွန်း ၁၅ဇွန်း
  • ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ အရသာနယ်ထားသော ဆိတ်သားကိုထည့်ပြီး ဆီသတ်ပါ
  • အသားများ အရောင်ပြောင်းပြီး မာလာပါက ရေမြုပ်အောင်ထည့်ပြီး အသားနူးအောင် တည်ပေးပါ
  • အသားနူးပြီး ဆီကျန်ရေကျန်ချိန်လေးမှာ တ၀က်ကျက်အောင် ချက်ထားသော ထမင်းနှင့် ဒံပေါက်ဖောက်ရန် အနေတော် ဖြစ်ပါပြီ

ဒံပေါက်ချက်ရန် လိုအပ်သောပစ္စည်းများ
  • ရေစစ်ထားသော တ၀က်ကျက်ထားသည့် ထမင်း
  • အသားနူးလောက်နီးပါး ချက်ထားသော ဆိတ်သား
  • food colour အ၀ါရောင် လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  • ဆီ ထမင်းစားဇွန်း ၃ဇွန်း
  • စပျစ်သီးခြောက် အနည်းငယ်
  • နွားနို့ ထမင်းစားဇွန်း ၂ဇွန်း




    ပင်ဆင်ပုံ
  • အောက်ခြေမကပ်ဘဲ အိုးဖင်ထူသော အိုးကို အပူပေးပြီး ချက်ထားသော ဆိတ်သားကိုထည့်ပါ
  • ပြီးလျှင် ထိုဟင်းပေါ်မှာ တ၀က်ကျက်အောင် ချက်ထားထားသော ထမင်းများကို အနည်းငယ်ချန်ကာ  ဖြန့်ပြီးထည့်ပေးပါ 
  • ထမင်းအပေါ်မှာ နွားနို့ကို ဖြန့်ပြီး ဆမ်းထည့်၍ စပျစ်သီးခြောက်ထည့်ပြီး ထမင်းအနည်းငယ် ဖြန့်ခင်းပေးပါ
  • ပြီးတာနဲ့ အနည်းငယ် ချန်ထားသော ထမင်းကို ဖြန့်ခင်းကာ ရေထမင်းစားဇွန်း ၃ဇွန်းနှင့် food colur အ၀ါရောင် လက်ဖက်ရည် ဇွန်းဖျားလောက်ကို ရောမွှေပေးပြီး ထမင်းပေါ်မှာ ဖြန့်ပြီးဆမ်းပေးပါ
  • ပြီးတာနဲ့ လေလုံအောင် foil ပါတ်ဖုံးပြီး အိုးအဖုံးဖုံးပေးပါ
  • မီးအားပြင်းပြင်းနဲ့ အပူပေးထားသော ဒယ်ပြားပေါ်မှာ ထမင်းအိုးကိုတင်ပြီး ၅မိနစ်လောက် နှပ်ပေးပါ
  • ပြီးတာနဲ့ မီးကို နံပါတ် ၂လောက်ထိလျှော့ပြီး နာရီဝက်လောက် ဆက်ပြီးနှပ်ထားပေးပါ
  • နာရီဝက်ပြည့်တာနဲ့ မီးပိတ်ပြီး ၁၅မိနစ်လောက် မီးဖိုပေါ်မှာ ဆက်နှပ်ထားပြီးမှ စားသုံးရန် ပြင်ဆင်ပါ


    ပြင်ဆင်တဲ့အခါ ထမင်းကို ခပ်ဖွဖွယူပြီးမှ  ဆိတ်သားကို ယူကာ စားပွဲကို ပြင်ပေးပါ
    ဆိတ်သား ချက်ရာမှာလဲ မာမာက ၄နာရီလောက်ဘဲ နှပ်ပြီး ချက်ထားပါတယ်
    ညသိပ်မနှပ်ပါ
    ဤနည်းအတိုင်း သိုးသား အမဲသားတို့နှင့် ချက်နိုင်ပါတယ်။



Wednesday, 25 November 2015

နာနတ်ယို မွှေးမွှေးလေး





ဒီတခါတော့ နာနတ်သီး ယိုထိုးနည်းလေး မျှဝေပေးပါမယ် အချိုအချဉ်အရသာ အနေတော်လေးပေမဲ့ အချိုအရမ်းမကြိုက်ရင် သကြားနည်းနည်းလျှော့ပြီး ယိုထိုးနိုင်ပါတယ် အုန်းသီးမှုန့်ကို အစိုထည့်ပြီး ယိုထိုးနိုင်သလို အုန်းသီးမှုန့် အခြောက်ကိုလဲ သုံးနိုင်ပါတယ် မာမာကတော့ အုန်းသီးမှုန့် အခြောက်မှုန့်ကို သုံးပြီး ယိုထိုးထားပါတယ်။

ပါဝင်ပစ္စည်းများ

  • နာနတ်သီးအမှည့် - အခွံခွာပြီးသား  1000g
  • အုန်းသီးမှုန့် အခြောက် 200g
  • သကြားအဖြူ - 100g
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ပျားရည် - ထမင်းစားဇွန်း မောက်မောက် ၂ဇွန်း


ပြင်ဆင်ပုံ

  1. နာနတ်သီးကို အခွံခွာပြီး မျက်စေ့ပေါက်လေးများထုတ်ကာ သရက်သီးပေါက်သလို ပေါက်ပြီး အစိတ်လေးများ ရအောင်လှီးပေးထားပါ 
  2. အုန်းသီးမှုန့် သကြား ဆား ပျားရည်တို့ကို အဆင်သင့် ပြင်ထားပါ
  3. ဇောက်နက်ပြီး အောက်ခြေမကပ်သော အိုးတလုံးထဲမှာ နာနတ်သီးနှင့်နာနတ်သီးမှ ထွက်လာသော အရည်များ ဆား သကြား အုန်းသီးမှုန့် ပျားရည်တို့ကိုထည့်ပြီး မီးအနေတော်နှင့် အဆက်မပြတ်မပြတ် မွှေပေးပါ
  4. မွှေနေရင်း နာနတ်သီးမှ ထွက်လာသော အရည်များခမ်းကာ သကြားနှင့် ပျားရည်တို့ ပေါက်စေးကျလာကာ အရောင်ပါ တဖြည်းဖြည်း ညိုလာပြီး နာနတ်ယိုနံ့သင်းလာပါလိမ့်မယ်
  5. ရေလဲခမ်း နာနတ်ယိုနံ့လဲ မွှေးလာပြီဆိုတာနဲ့ မီးပိတ် အအေးခံပြီး ချိုချဉ်အရသာကောင်းတဲ့ နာနတ်ယိုကို စားသုံးနိုင်ပါပြီ။

Tuesday, 24 November 2015

ပင်လယ်စာ ချဉ်ငံစပ်အသုပ်



အခုရက်ထဲ စားဖြစ်နေတဲ့ ပင်လယ်စာလေးတွေထဲက ဒီနေ့တော့ ချဉ်ငံစပ်လေး သုပ်ဖြစ်လို့ သုပ်နည်းလေး မျှဝေလိုက်ပါတယ် ပင်လယ်စာတို့သဘာဝ အစုံပါတဲ့အတွက် တချို့က အနံ့ကို မကြိုက်ကြပါဘူး မာမာကိုယ်တိုင်လဲ အနံ့ရရင် မကြိုက်လို့ ပင်လယ်စာအစုံရဲ့ အနံ့ပျောက်အောင် ကြက်သွန်ဖြူ စပါးလင် ချင်းတို့နဲ့ သေသေချာချာ ပြုပ်ပြီးမှ သုပ်ထားတာမို့ ပြုပ်နည်း သုပ်နည်းလေး မျှဝေလိုက်ပါတယ်။


တပွဲစာ ပါဝင်ပစ္စည်းများ

ပင်လယ်စာအစုံ ပြုပ်ရန်

  • ပင်လယ်စာအစုံ - 350g
  • ချင်း - ခပ်ပါးပါး ၃ပြား (အခွံခွာပြီး လှီးထားပါ)
  • စပါးလင် - တပင် တလက်မသာသာ (လှီးပြီး ထုထားပါ)
  • ကြက်သွန်ဖြူ - ၃မွှာ (အခွံခွာပြီး ဓါးပြားရိုက်ထားပါ)
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရင်ဆုံး ဇောက်နက်သော အိုးထဲမှာ ရေ တရုတ်ဟင်းရေသောက်ပန်းကန်လုံး ၂လုံးစာနှင့် စပါးလင် ချင် ကြက်သွန်ဖြူ ဆားတို့ထည့်ပြီး ရေဆူအောငိည်ပါ
  • ရေကို ၁၅မိနစ်လောက်ပေးဆူစေပြီးမှ ပင်လယ်စာများကို ထည့်ပေးပါ
  • ရေပွက်ပွက် ၄မိနစ်လောက် ဆူပြီးတာနဲ့ ဇကာတခုထဲသွန်ချပြီး စပါးလင် ချင်း ကြက်သွန်ဖြူတို့ကို ဖယ်ထားပါ

အသုပ်သုပ်ရန် လိုအပ်သောပစ္စည်းများ
  • ကြက်သွန်နီ - ဥကြီးကြီး တဥ (ပါးပါးလှီးပါပြီး ရေဆေးကာ စစ်ထားပေးပါ)
  • ခရမ်းချဉ်သီး  - အနေတော် ၃လုံး (ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း - ၃တောင့် ( ပါးပါးလှီးထားပါ)
  • နံနံပင် - နှစ်သက်သလောက် (အနေတော် လှီးထားပါ)
  • ငါးငံပြာရည် - ထမ်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တ၀က်သာသာ
  • ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တဇွန်းခွဲ 
  • သံပုရာသီး - တစိတ်


ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ပြုပ်ထားသော ပင်လယ်စာများ ကြက်သွန်နီ ငရုတ်သီးအလှော်မှုန့် ငရုတ်သီးစိမ်း  ငံပြာရည် ဟင်းချိုမှုန့် ဆီချက် ခရမ်းချဉ်သီး နံနံပင်တို့နှင့်အတူ သံပုရာရည်ညှစ်ပြီး ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • နယ်ပြီးပါက အရသာမြည်းပြီး  လိုသလိုပြင်ကာ ချဉ်ငံစပ် ပင်လယ်စာ အစုံသုပ်မွှေးမွှေးလေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ

Monday, 23 November 2015

ချို ချဉ် ငံ စပ် ဇီးယိုမွှေးမွှေးလေး





နွေရာသီ ရောက်လာပြီဆိုတော့ အစားအသောက်က ပျက်ချင်လာသလိုလို ဖြစ်လာခဲ့တယ်ပေါ့နော် အဲဒါနဲ့ နေ့လည်နေ့ခင်း အပျင်းပြေလေး စားရအောင် ဇီးယိုထိုးဖြစ်သွားပါတယ် မာမာတို့၉တန်း ၁၀တန်းလောက်က အိမ်မှာ ယိုမျိုးစုံလုပ်ငန်း လုပ်လေတော့ ယိုထိုးရတာ ကိုယ့်လက် ကိုယ့်ခြေလို ဖြစ်ခဲ့ပါတယ် ဒါကြောင့်မို့ မြန်မြန်နဲ့ လွယ်လွယ်ပြီးစေမဲ့ ယိုထိုးနည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဇီးသီးခြောက် - 150g
  • ထန်းလျှက်ခဲ - 100g
  • ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၃ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • လေးညှင်း - ၂ပွင့်
  • ဖာလာ - ၂စေ့
  • စမုံစပါး - ၂၅စေ့ အစေ့၃၀ခန့်


ပြင်ဆင်ပုံ

  1. ဇီးသီးခြောက်ကို ရေတနာရီလောက်စိမ်ထားပြီး အသီးများ ပျော့လာပါက ရေစစ်ထားပါ သို့မဟုတ် ပေါင်းအိုးထဲမှာ မိနစ်၂၀လောက် ပေါင်းပေးပါ
  2. ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ပေါက်စေးမကျတကျ ကျိုပါ
  3. ထန်းလျှက်ရည် ပေါက်စေးမကျခင် အမှိုက်များကို ဇကာနှင့်စစ်ပြီး ထန်းလျှက်ရည်ကို အိုးထဲပြန်ထည့်ပါ
  4. ထန်းလျှက်ရည်ထဲသို့ ငရုတ်သီးမှုန့် ဆား လေးညှင်း ဖာလာ စမုံစပါး ဇီးသီးတို့ထည့်မွှေပေးပြီး ရေခမ်းအောင် မီးအေးအေးနှင့်မွှေပေးပါ
  5. ရေလဲခမ်း ဇီးယိုလေးလဲ မွှေးလာပြီဆိုပါက အအေးခံပြီး စားသုံးနိုင်ပါပြီ။

ပင်လယ်စာ ဟင်းချိုရည်


ဒီလိုအချိန်ဆို ပင်လယ်စာအစုံ ရောပြီးသားလေးတွေ အရမ်းပေါပါတယ် အရင်တကီလိုကို $13 လောက်ရောင်းရင် အခုလို အချိန်မျိုးမှာ $8 လောက်နဲ့ ရတတ်ပါတယ်။

ပင်လယ်စာအစုံကို စပါးလင်နိုင်နိုင်နဲ့ ပြုပ်ပြီး ချဉ်ငံစပ် ဒီအတိုင်း သောက်ရတာကို သဘောကျမိပါတယ် မြန်မာပြည်မှာ ခရုပြုပ်ပြီးသောက်တဲ့ အရသာလိုဘဲမို့ ပြုပ်နည်းလေးလွယ်ကူပေမဲ့ မသိသေးသူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • ရေဆေးသန့်စင်ထားသော  ပင်လယ်စာများ - 450g
  • စပါးလင် -၂ပင်
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံမရှိတရှိ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနည်းငယ်
  • သံပုရာသီး - တစိတ်
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ပင်လယ်စာများ ဆား ကြက်သားမှုန့်တို့ကို ထည့်ပေးပါ
  • စပါးလင်အရွက်များကို ထုံးပြီး အရင်းပိုင်းကို ထုပြီးထည့်ပေးပါ
  • ရေကို အရင်ဆုံး မြုပ်တယ်ဆိုရုံလေးထည့်ပြီး အသားများ မာသွားအောင် ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေမခမ်းခင် နောက်ထပ်ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး ၂လုံးနီးပါးစာထည့်ပြီး ရေဆူအောင်တည်ပေးပါ
  • ရေသုံးမိနစ်လောက် ပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ကိုထည့်ပြီး အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • အကြာကြီး ရေဆူအောင်တည်စရာမလိုဘဲ သုံးမိနစ်လောက်ဆူပြီးတာနဲ့ စားပွဲပြင်ဆင်နိုင်ပါပြီ
  • ဟင်းရည်ပန်းကန်ထဲ ငရုတ်သီးစိမ်း ကြက်သွန်နီနှင့် သံပုရာရည်ထည့်ကာ ဟင်းရည်ပူပူ မွှေးမွှေးလေး သောက်သုံးနိုင်ပါပြီ။

Sunday, 22 November 2015

ပဲကြာဇံကြော်




သိပ်မထူးဆန်းတဲ့ အိမ်ကြော်နည်းလေးအတိုင်း ကြော်ဖြစ်တဲ့ ပဲကြာဇံကြော်နည်းလေး မျှဝေလိုက်ပါတယ် ဒီအတိုင်း စားလို့ကောင်းသလို ထမင်းနဲ့စားရင်လဲ လိုက်ဖက်တဲ့ ကြာဇံကြော်မို့လို့ ကြော်စားကြည့်စေချင်ပါတယ်။

ပဲကြာဇံကို ကြော်မယ်ဆိုရင် ရိုးရိုးရေနဲ့အနည်းဆုံး ၅နာရီလောက် စိမ်ထားပြီးမှကြော်တာ အကောင်းဆုံးပါ ရေနွေးနဲ့စိမ်ပြီးမှကြော်ရင် ပြစ်ခဲခဲကြီး ဖြစ်ပြီး ကြော်လို့မကောင်းပါဘူး မာမာကတော့ မနက်ကြော်မယ်ဆို ညထဲက ရေစိမ်ထားလိုက်ပါတယ် ကြော်ရတာ အရမ်းမြန်သလို ပြစ်ခဲမနေလို့ စားရတာလဲ ပိုပြီးကောင်းပါတယ်။

အသီးအရွက်များများ ပဲငံပြာရည်အနောက် များများနဲ့ကြော်နိုင်သလို အသီးအရွက် နည်းနည်းနဲ့ ပဲငံပြာရည်အနောက် နည်းနည်းနဲ့လဲ ကြော်နိုင်ပါတယ်။

တပွဲစာ ကြော်ရန်အတွက် လိုအပ်သောပစ္စည်းများ


  • ၅နာရီခန့်ရေမြုပ်အောင် စိမ်ထားသော ပဲကြာဇံ - 100g
  • ပြုပ်ပြီးအသားထွင်ထားသော ကြက်သား - အနည်းငယ်
  • အနေတော် လှီးထားသော ပဲသီး - ၅တောင့်
  • ခပ်ထူထူ လှီးထားသောပန်းဂေါ်ဖီ - နှစ်သက်သလောက်
  • အရှည်အမြှောင်း ရအောင် လှီးထားသော မုံလာဥနီ - အနေတော် တဥ
  • တရုတ်နံနံ - အနည်းငယ်
  • တလက်မလောက်အနေတော် လှီးထားသော ကြက်သွန်မိတ် - အနည်းငယ်
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း  ၂ဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
ပြင်ဆင်ရန်
  • ရေစိမ်ထားသော ကြာဇံကိုရေစစ်ပြီး ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် သကြားတို့နဲ့ရောပြီးနယ်ထားပေးပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 

    •  
  • ကြက်သွန်ဖြူနံ့ မွှေးလာပါက ပဲသီး မုံလာဥနီ ပန်းဂေါ်ဖီတို့ကို အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ နဲနဲနွမ်းအောင်မွှေပေးပါ
  • ပြီးတာနဲ့ ကြာဇံထဲ့ပြီး ရောကြော်၍ ကြာဇံ ပျော့လာပြီဆိုတာနဲ့ တရုတ်နံနံ ကြက်သွန်မိတ်တို့ထည့်ကာ အားလုံးကို ရောမွှေကာ အရသာမြည်းပေးပါ အရသာအနေတော်ဆိုရင် ပဲကြာဇံကြော်လေးရပါပြီ။

Saturday, 21 November 2015

ထောပါတ်ထမင်း မွှေးမွှေးလေး



ဒီနေ့တော့ ရသာစုံ ထောပါတ်ထမင်း အလွယ်ချက်နည်းလေး မျှဝေပေးပါမယ် ဟင်းမလိုလောက်အောင်ကို စားကောင်းတဲ့ ထမင်းမို့လို့ ချက်စားကြည့်စေချင်ပါတယ်။

သုံးယောက်စာအတွက် ပါဝင်ပစ္စည်းများ
  • ရေဆေးထားသောBasmati ဆန် - ထမင်းပေါင်းအိုးဆန်ချင်ဗူး သုံးဗူး
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တလုံး
  • ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - သုံးမွှာ
  • သစ်ဂျပိုးခေါက် - တလက်မ
  • လေးညှင်း - နှစ်ပွင့်
  • ဖာလာ - နှစ်ခု
  • ကရဝေးရွက် - သုံးရွက်
  • စပျစ်သီးခြောက် -  လက်ဖက်ရည်ပန်းကန် တ၀က်သာသာ
  • အတုံးလေးများ လှီးထားသောမုံလာဥနီ - လက်ဖက်ရည်ပန်းကန် တလုံး
  • ထောပတ် - 30 g 
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်(သို့) သကြား ထမင်းစားဇွန်း တဇွန်း
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ခြောက်ဗူး

  • ပြင်ဆင်ချက်ပြုပ်ပုံ

  • ဒယ်အိုးတစ်လုံးထဲမှာ ထောပတ်ကိုအပူပေးပြီး ပျော်လာပါက သစ်ဂျပိုးခေါက်
    ကရဝေးရွက် ဖာလာနှင့်လေးညှင်းပွင့်တို့ကို လေးငါးချက်လောက်
    ဆက်တိုက်မွှေပြီး ဆီသတ်ပေးပါ
  •  ပြီးမှကြက်သွန်ဖြူ နီကိုအရင်ဆုံး မိနစ်ဝက်လောက်ဆီသတ်ပေးပါ 
  • နောက်ဆုံးမှ မုံလာဥနီနှင့်စပျစ်သီးခြောက် တို့ထဲ့ကာ တမိနစ်လောက်ဆီသတ်ပေးပါ
  • အားလုံးဆီသတ်ပြီးပါက ရေဆေးထားသော ဆန်အိုးထဲသို့ ဆီသတ်ထားသော ပစ္စည်းများထဲ့ပေးပါ
  • သီးစုံဆန်အိုးထဲသို့ ရေ ငရုတ်ကောင်းမှုန့် ဆားနှင့်ဟင်းချိုမှုန့်တို့ထဲ့ကာ ရိုးရိုးထမင်းချက်သလိုဘဲ ထမင်းပေါင်းအိုးနဲ့ ချက်ပေးပါ
  • ထမင်းကျက်ပါက အရသာမွှေးမွှေးလေးနဲ့ ထောပါတ်ထမင်းကို ရပါပြီ
  • ကြက်သားဟင်း ချဉ်ပေါင်ဟင်းချိုတို့နှင့် တွဲဖက်ပြီးစားပါက နတ်သုဒ္ဒါအလား ကောင်းလွန်းပါတယ်။




Friday, 20 November 2015

ဘဲဥ ဒံပေါက်




အသားမစားတဲ့သူတွေအတွက် ကြံဖန်ပြီးချက်ပေးဖြစ်တဲ့ ဘဲဥဒံပေါက်ထမင်းပါ ချက်နည်းကတော့ အရင်ဒံပေါက် ချက်နည်းအတိုင်းပါဘဲ
အိမ်ချက် ဘဲဥဒံပေါက်ထမင်းလေး ချက်ရတာလွယ်ပြီး စားလို့ကောင်းလွန်းလို့ ချက်နည်းလေး မျှဝေချင်ပါတယ် မာမာချက်တဲ့ အစားအစာတွေထဲမှာ သဘာဝအရောင်ကိုဘဲ ယူတာများပါတယ် food colour တွေ သုံးခဲပါတယ် ဒီတခါတော့ food colour အနည်းငယ်ထည့်ပြီး ချက်ထားပါတယ် တယောက်နဲ့တယောက် ချက်နည်းတွေ တူချင်မှ တူပါလိမ့်မယ် အဆင်ပြေစွာ ချက်နိုင်ဖို့ဘဲ လိုပါတယ်။


ဒံပေါက်ထမင်း ၃ပွဲစာ ချက်ရန် လိုသောပစ္စည်းများ  
  • Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • ရေ. - 1.7 Lခန့်
  • ghee ထောပါတ် - ထမင်းစားဇွန်း တဇွန်း
  • ကရဝေးရွက် - ၂ရွက်
  • ဖာလာစေ့ - ၂စေ့
  • လေးညှင်း - ၃ပွင့်
  • ငရုတ်ကောင်း - ၃စေ့
  • ဆား - လက်ဖက်ရည်ဇွန်း ၃ဇွန်း
ထမင်းချက်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ရေကိုဆူအောင်တည်ပြီး ဆား ထောပတ် ကရဝေးရွက် ဖာလာစေ့ ငရုတ်ကောင်းစေ့တို့ထည့်ပြီး တမိနစ်လောက် ဆူအောင်ထားပါ
  • တမိနစ်ပြည့်တာနဲ့ဆန်ထည့်ကာ မီးအားပြင်ပြင်းနဲ့ ဆူအောင် ဆက်တည်ပါ
  • ဆန်တ၀က်ကျက်ဖို့ ငါးမိနစ်လောက်တည်ပြီးတာနဲ့ အပေါက်စိတ်သော ဇကာထဲ သွန်ချပြီး ရေစစ်ထားပါ
ဘဲဥဟင်းချက်ရန် လိုအပ်သောပစ္စည်းများ
  • ဘဲဥ - ၃လုံး ပြုတ်ထားပါ
  • ကြက်သွန်နီ - ဥကြီးကြီး တလုံး ခပ်နုတ်နုတ်လှီးထားပါ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ ခပ်နုတ်နုတ်လှီးထားပါ
  • ချင်း - လက်တဆစ်ခန့် ညက်နေအောင် ထောင်းထားပါ
  • ကရဝေးရွက် - ၂ရွက်
  • ဖာလာစေ့ -  ၂စေ့
  • လေးညှင်း - ၂ပွင့်
  • သစ်ဂျပိုးခေါက် - တလက်မခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်းခန့်
  • ငရုတ်သီး အရောင်တင်မှုန့်-  လက်ဖက်ရည်ဇွန်း တဇွန်းခွဲ

  • ဒံပေါက်ချက်ရန် လိုအပ်သောပစ္စည်းများ
  • ရေစစ်ထားသော တ၀က်ကျက်ထားသည့် ထမင်း
  • ဆီသတ်ထားသော ဘဲဥ
  • စပျစ်သီးခြောက် အနည်းငယ်
  • food colour (Yellow) - နှစ်စက်ခန့်
  • အရောင်ရေရောရန် ရေ - ထမင်းစားဇွန်း၂ဇွန်း
  • နွားနို့ ထမင်းစားဇွန်း ၂ဇွန်း  
ပြင်ဆင်ပုံ
  • အောက်ခြေမကပ်ဘဲ အိုးဖင်ထူသော အိုးကို အပူပေးပြီး ဆီကိုထည့်ပါ
  • ဆီပူလာတာနဲ့ အဆင်သင့်ပြင်ထားသော ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း ဖာလာ ကရဝေးရွက် သစ်ဂျပိုးခေါက် လေးညှင်း ငရုတ်သီး အရောင်တင်မှုန့်တို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပြုပ်ပြီးအခွံခွာထားသော ဘဲဥ ဆား ကြက်သားမှုန့်တို့ကိုထည့်ပြီး တမိနစ်လောက် ဆီသတ်လိုက်ပါ
  • ပြီးလျှင် ထိုဟင်းပေါ်မှာ တ၀က်ကျက်ထားသော ထမင်းများကို အနည်းငယ်ချန်ကာ  ဖြန့်ပြီးထည့်ပေးပါ 
  • ထမင်းအပေါ်မှာ နွားနို့ကို ဖြန့်ပြီး ထည့်၍ စပျစ်သီးခြောက်ထည့်ပြီး ထမင်းအနည်းငယ် ဖြန့်ခင်းပေးပါ
  • ထမင်းအပေါ်မှာ food colour နှစ်စက်လောက် ကို ရေ ထမင်းစားဇွန်း ၂ဇွန့်နှင့်ရောမွှေကာ ထမင်းပေါ်မှာ ဖြန့်ပေးပါ
  • ပြီးတာနဲ့ လေလုံအောင် foil ပါတ်ဖုံးပြီး အိုးအဖုံးဖုံးပေးပါ
  • မီးအားပြင်းပြင်းနဲ့ အပူပေးထားသော ဒယ်ပြားပေါ်မှာ ထမင်းအိုးကိုတင်ပြီး ၅မိနစ်လောက် နှပ်ပေးပါ
  • ပြီးတာနဲ့ မီးကို နံပါတ် ၂လောက်ထိလျှော့ပြီး ၁၀မိနစ်လာက် ဆက်ပြီးနှပ်ထားပေးပါ
  • ဆယ်မိနစ်ပြည့်တာနဲ့ မီးပိတ်ပြီး ၁၅မိနစ်လောက် မီးဖိုပေါ်မှာ ဆက်နှပ်ထားပြီးမှ စားသုံးရန် ပြင်ဆင်ပါ

Thursday, 19 November 2015

ဆိတ်သားနှပ် အိအိလေး


ဟင်းရံစဉ်းစားရတာ တခါတလေ ခေါင်းတော့ တော်တော်လေး နောက်မိတယ် အသားမစားတဲ့သူအတွက် တမျိုးစဉ်းစားရသလို အသားစားပြန်တော့ အသားပေါင်းစုံ မစားသူအတွက် တမျိုးစီစဉ်ရပြန်တယ် ဒီနေ့တော့ ကိုယ်စားချင်တာလေး ကိုယ်ဝယ်ချက်လိုက်တဲ့ ဆိတ်သားနှပ် အိအိမွှေးမွှေး ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။
    

ပါဝင်ပစ္စည်းများ
ဆိတ်သားအရသာနယ်ရန်

  • ဆိတ်သား - 500g (အနေတော်တုံးထားပါ)
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ချင်း - ခပ်ပါးပါး နှစ်ပြားကို ညက်နေအောင်ထောင်းထားပါ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်တို့ရောနယ်ကာ အရသာ ၀င်အောင် နာရီဝက်လောက် ထားပါ
  • အရသာဝင်တာနဲ့ ဆိတ်သားကို ရေမြုပ်ရုံလေး အရင်ထည့်ကာ ပြုပ်ပေးပါ
  • ပထမ တရည်ခမ်းကာနီး ဒုတိရ ရေကို အသားမြုပ်အောင် ထည့်ပြီး ပြုပ်ပါ
  • ဆိတ်သားနူးတဲ့အထိ ပြုပ်ပေးပါ


ဟင်းချက်ရန်လိုအပ်သော ပစ္စည်း

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  3. ကြက်သွန်ဖြူထောင်းရန် - အမွှာကြီးကြီး ငါးမွှာ
  4. ကြက်သွန်နီ မညက်တညက်ထောင်းရန် - ခပ်ကြီးကြီး နှစ်ဥ
  5. ချင်းထောင်းရန် - တလက်မခန့်
  6. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  7. ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တဇွန်း
  8. ကရဝေးရွက် - ၃ရွက်
  9. လေးညှင်း -၂စေ့
  10. ဖာလာ -၂စေ့
  11. သစ်ဂျပိုးခေါက် -၂လက်မခန့်
  12. ဆား - လက်ဖက်ရည်ဇွန်း တ၀က်



ဆိတ်သားနှပ်ရန်ပြင်ဆင်ပုံ


  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ကာ ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်း ဖာလာစေ့ လေးညှင်းပွင့် ကရဝေးရွက်နှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ပြီးတာနဲ့ နူးနေအောင် ပြုပ်ထားသော ဆိတ်သားနှင့် ဆားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • အသားများနှင့် ငရုတ်သီးဆီသတ်  သမသွားပါက ရေမြုပ်အောင်ထည့်ပြီး  ရေမခမ်းစေဘဲ ဆီကျန်ရေကျန်တဲ့ထိ တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက ဟင်းအနှစ်များများနှင့် ဆိတ်သားနှပ် အိအိလေးကို စားသုံးနိုင်ပါပြီ။
  • ဤနည်းအတိုင်း အမဲသား သိုးသားတို့ကိုလဲ နှပ်နိုင်ပါတယ်။