Sunday 22 November 2015

ပဲကြာဇံကြော်




သိပ်မထူးဆန်းတဲ့ အိမ်ကြော်နည်းလေးအတိုင်း ကြော်ဖြစ်တဲ့ ပဲကြာဇံကြော်နည်းလေး မျှဝေလိုက်ပါတယ် ဒီအတိုင်း စားလို့ကောင်းသလို ထမင်းနဲ့စားရင်လဲ လိုက်ဖက်တဲ့ ကြာဇံကြော်မို့လို့ ကြော်စားကြည့်စေချင်ပါတယ်။

ပဲကြာဇံကို ကြော်မယ်ဆိုရင် ရိုးရိုးရေနဲ့အနည်းဆုံး ၅နာရီလောက် စိမ်ထားပြီးမှကြော်တာ အကောင်းဆုံးပါ ရေနွေးနဲ့စိမ်ပြီးမှကြော်ရင် ပြစ်ခဲခဲကြီး ဖြစ်ပြီး ကြော်လို့မကောင်းပါဘူး မာမာကတော့ မနက်ကြော်မယ်ဆို ညထဲက ရေစိမ်ထားလိုက်ပါတယ် ကြော်ရတာ အရမ်းမြန်သလို ပြစ်ခဲမနေလို့ စားရတာလဲ ပိုပြီးကောင်းပါတယ်။

အသီးအရွက်များများ ပဲငံပြာရည်အနောက် များများနဲ့ကြော်နိုင်သလို အသီးအရွက် နည်းနည်းနဲ့ ပဲငံပြာရည်အနောက် နည်းနည်းနဲ့လဲ ကြော်နိုင်ပါတယ်။

တပွဲစာ ကြော်ရန်အတွက် လိုအပ်သောပစ္စည်းများ

  1. ၅နာရီခန့်ရေမြုပ်အောင် စိမ်ထားသော ပဲကြာဇံ - 100 g
  2. ပြုပ်ပြီးအသားထွင်ထားသော ကြက်သား - အနည်းငယ်
  3. အနေတော် လှီးထားသော ပဲသီး - ၅တောင့်
  4. ခပ်ထူထူ လှီးထားသောပန်းဂေါ်ဖီ - နှစ်သက်သလောက်
  5. အရှည်အမြှောင်း ရအောင် လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  6. တရုတ်နံနံ - အနည်းငယ်
  7. တလက်မလောက်အနေတော် လှီးထားသော ကြက်သွန်မိတ် - အနည်းငယ်
  8. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း  ၂ဇွန်း
  9. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  11. အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ဆီ - ထမင်းစားဇွန်း ၄ဇွန်း

ပြင်ဆင်ရန်
  • ရေစိမ်ထားသော ကြာဇံကိုရေစစ်ပြီး ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် သကြားတို့နဲ့ရောပြီးနယ်ထားပေးပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 

    •  
  • ကြက်သွန်ဖြူနံ့ မွှေးလာပါက ပဲသီး မုံလာဥနီ ပန်းဂေါ်ဖီတို့ကို အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ နဲနဲနွမ်းအောင်မွှေပေးပါ
  • ပြီးတာနဲ့ ကြာဇံထဲ့ပြီး ရောကြော်၍ ကြာဇံ ပျော့လာပြီဆိုတာနဲ့ တရုတ်နံနံ ကြက်သွန်မိတ်တို့ထည့်ကာ အားလုံးကို ရောမွှေကာ အရသာမြည်းပေးပါ အရသာအနေတော်ဆိုရင် ပဲကြာဇံကြော်လေး ရပါပြီ။

2 comments:

  1. မမာရေ ပဲကြာဇံကိုဆန်ကြာဇံထက်ပိုပြီးကြိုက်တယ်
    အရသာပိုရှိသလိုပဲနော် ပုံလေးကိုပဲကြည့်ပြီး.....ဂလု

    ReplyDelete
    Replies
    1. ဟုတ်တယ်နော် သူ့ကိုသုပ်စားလဲ အရမ်းကြိုက်​တယ်

      Delete