Sunday, 8 November 2015

ကြက်သား ဒံပေါက်


အိမ်ချက် ဒံပေါက်ထမင်းလေး ချက်ရတာလွယ်ပြီး စားလို့ကောင်းလွန်းလို့ ချက်နည်းလေး မျှဝေချင်ပါတယ် မာမာချက်တဲ့ အစားအစာတွေထဲမှာ သဘာဝအရောင်ကိုဘဲ ယူတာများပါတယ် food colour တွေ သုံးခဲပါတယ် တယောက်နဲ့တယောက် ချက်နည်းတွေ တူချင်မှ တူပါလိမ့်မယ် အဆင်ပြေစွာ ချက်နိုင်ဖို့ဘဲ လိုပါတယ်  ဒါကြောင့်မို့ အိမ်ချက် ဒံပေါက်ချက်နည်းလေးလို့ နံမည်ပေးလိုက်တာပါ။

ဒံပေါက် ၃ပွဲစာ ပါဝင်ပစ္စည်းများ

ကြက်သားအရသာနယ်ရန်

ကြက်လက်ဖျံသား -  ၅ခု  သို့မဟုတ် ကြက်ပေါင် - ၃ခု  



  • လေးညှင်း -၂ခု
  • ကရဝေးရွက် - ၂ရွက် 
  • ဖာလာစေ့ - ၃စေ့
  • ထောင်းထားသော ဂျင်း - လက်ဖက်ရည်ဇွန်း တဇွန်း
  • ထောင်းထားသော ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၃မွှာ 
  • ထောင်းထားသော နံနံစေ့ - ၁၀စေ့ခန့်
  • ထောင်းထားသော ဇီယာစေ့ - ၁၀စေ့ခန့် 
  • ဒိန်ချဉ် ထမင်းစားဇွန်း - ၃ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • သစ်ဂျပိုးခေါက် - တလက်မလောက် တချောင်း
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပါးပါးလှီးထားသော - ပူစီနံ ထမင်းစားဇွန်း တဇွန်းခွဲ
  • ပါးပါးလှီးထားသော နံနံပင် - ထမင်းစားဇွန်း တဇွန်းခွဲ
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ဇွန်း၂၀ခန့် 
  • ကြော်ပြီး ဆီစစ်ထားသော ကြက်သွန်နီဆီချက်အဖတ် - ထမင်းစားဇွန်း ၅ဇွန်း
    • )
  • အားလုံးကို ရောနယ်ပြီး ရေခဲသေတ္တာထဲမှာ တညသိပ်နှပ်ပေးပါ (သို့မဟုတ် )၄နာရီခန့် နှပ်ထားပေးပါ
ထမင်းချက်ရန် လိုသောပစ္စည်းများ  
  • Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • ရေ. - 1.7 Lခန့်
  • ghee ထောပါတ် - ထမင်းစားဇွန်း တဇွန်း
  • ကရဝေးရွက် - ၂ရွက်
  • ဖာလာစေ့ - ၂စေ့
  • လေးညှင်း - ၃ပွင့်
  • ငရုတ်ကောင်း - ၃စေ့
  • ဆား - လက်ဖက်ရည်ဇွန်း ၃ဇွန်း
ထမင်းချက်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ရေကိုဆူအောင်တည်ပြီး ဆား ထောပတ် ကရဝေးရွက် ဖာလာစေ့ ငရုတ်ကောင်းစေ့တို့ထည့်ပြီး တမိနစ်လောက် ဆူအောင်ထားပါ
  • တမိနစ်ပြည့်တာနဲ့ဆန်ထည့်ကာ မီးအားပြင်ပြင်းနဲ့ ဆူအောင် ဆက်တည်ပါ
  • ဆန်တ၀က်ကျက်ဖို့ ငါးမိနစ်လောက်တည်ပြီးတာနဲ့ အပေါက်စိတ်သော ဇကာထဲ သွန်ချပြီး ရေစစ်ထားပါ
ဒံပေါက်ချက်ရန် လိုအပ်သောပစ္စည်းများ
  • ရေစစ်ထားသော တ၀က်ကျက်ထားသည့် ထမင်း
  • အရသာနယ်ထားသော ကြက်သား
  • ဆီ ထမင်းစားဇွန်း ၃ဇွန်း
  • စပျစ်သီးခြောက် အနည်းငယ်
  • နွားနို့ ထမင်းစားဇွန်း ၂ဇွန်း  
ပြင်ဆင်ပုံ
  • အောက်ခြေမကပ်ဘဲ အိုးဖင်ထူသော အိုးကို အပူပေးပြီး ဆီကိုထည့်ပါ
  • ဆီပူလာတာနဲ့ အရသာနယ်ထားသော ကြက်သားကို ဆီသတ်ပြီး တ၀က်ကျက်အောင် ချက်လိုက်ပါ
  • ပြီးလျှင် ထိုဟင်းပေါ်မှာ တ၀က်ကျက်ထားသော ထမင်းများကို အနည်းငယ်ချန်ကာ  ဖြန့်ပြီးထည့်ပေးပါ 
  • ထမင်းအပေါ်မှာ နွားနို့ကို ဖြန့်ပြီး ထည့်၍ စပျစ်သီးခြောက်ထည့်ပြီး ထမင်းအနည်းငယ် ဖြန့်ခင်းပေးပါ
  • ပြီးတာနဲ့ လေလုံအောင် foil ပါတ်ဖုံးပြီး အိုးအဖုံးဖုံးပေးပါ
  • မီးအားပြင်းပြင်းနဲ့ အပူပေးထားသော ဒယ်ပြားပေါ်မှာ ထမင်းအိုးကိုတင်ပြီး ၅မိနစ်လောက် နှပ်ပေးပါ
  • ပြီးတာနဲ့ မီးကို နံပါတ် ၂လောက်ထိလျှော့ပြီး နာရီဝက်လောက် ဆက်ပြီးနှပ်ထားပေးပါ
  • နာရီဝက်ပြည့်တာနဲ့ မီးပိတ်ပြီး ၁၅မိနစ်လောက် မီးဖိုပေါ်မှာ ဆက်နှပ်ထားပြီးမှ စားသုံးရန် ပြင်ဆင်ပါ
  • အရောင်မထည့်ထားပေမဲ့ ဒံပေါက်ထမင်းအရောင်လို လှလှလေး ရပါတယ် 
  • ပြင်ဆင်တဲ့အခါ ထမင်းကို ခပ်ဖွဖွယူပြီးမှ  ကြက်သားကို ယူကာ စားပွဲကို ပြင်ပေးပါ










2 comments:

  1. Ma Ma Mar!

    Thank you for your goodwill for sharing the very useful recipes.

    ReplyDelete