Monday 23 November 2015

ပင်လယ်စာဟင်းချို


ဒီလိုအချိန်ဆို ပင်လယ်စာအစုံ ရောပြီးသားလေးတွေ အရမ်းပေါပါတယ် အရင်တစ်ကီလိုကို $13 လောက်ရောင်းရင် အခုလို အချိန်မျိုးမှာ $8 လောက်နဲ့ ရတတ်ပါတယ်။

ပင်လယ်စာအစုံကို စပါးလင်နိုင်နိုင်နဲ့ ပြုပ်ပြီး ချဉ်ငံစပ် ဒီအတိုင်း သောက်ရတာကို သဘောကျမိပါတယ် မြန်မာပြည်မှာ ခရုပြုပ်ပြီးသောက်တဲ့ အရသာလိုဘဲမို့ ပြုပ်နည်းလေးလွယ်ကူပေမဲ့ မသိသေးသူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရေဆေးသန့်စင်ထားသော  ပင်လယ်စာများ - 450 g
  2. စပါးလင် -၂ပင်
  3. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ မရှိတစ်ရှိ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနည်းငယ်
  8. သံပုရာသီး - တစ်စိတ်
  9. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ပင်လယ်စာများ ဆား ကြက်သားမှုန့်တို့ကို ထည့်ပေးပါ
  • စပါးလင်အရွက်များကို ထုံးပြီး အရင်းပိုင်းကို ထုပြီးထည့်ပေးပါ
  • ရေကို အရင်ဆုံး မြုပ်တယ်ဆိုရုံလေးထည့်ပြီး အသားများ မာသွားအောင် ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေမခမ်းခင် နောက်ထပ်ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး ၂လုံးနီးပါးစာထည့်ပြီး ရေဆူအောင်တည်ပေးပါ
  • ရေသုံးမိနစ်လောက် ပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ကိုထည့်ပြီး အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • အကြာကြီး ရေဆူအောင်တည်စရာမလိုဘဲ သုံးမိနစ်လောက်ဆူပြီးတာနဲ့ စားပွဲပြင်ဆင်နိုင်ပါပြီ
  • ဟင်းရည်ပန်းကန်ထဲ ငရုတ်သီးစိမ်း ကြက်သွန်နီနှင့် သံပုရာရည်ထည့်ကာ ဟင်းရည်ပူပူ မွှေးမွှေးလေး သောက်သုံးနိုင်ပါပြီ။

No comments:

Post a Comment