Thursday, 19 November 2015

ဆိတ်သားနှပ် အိအိလေး


ဟင်းရံစဉ်းစားရတာ တခါတလေ ခေါင်းတော့ တော်တော်လေး နောက်မိတယ် အသားမစားတဲ့သူအတွက် တမျိုးစဉ်းစားရသလို အသားစားပြန်တော့ အသားပေါင်းစုံ မစားသူအတွက် တမျိုးစီစဉ်ရပြန်တယ် ဒီနေ့တော့ ကိုယ်စားချင်တာလေး ကိုယ်ဝယ်ချက်လိုက်တဲ့ ဆိတ်သားနှပ် အိအိမွှေးမွှေး ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။
    

ပါဝင်ပစ္စည်းများ
ဆိတ်သားအရသာနယ်ရန်

  • ဆိတ်သား - 500g (အနေတော်တုံးထားပါ)
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ချင်း - ခပ်ပါးပါး နှစ်ပြားကို ညက်နေအောင်ထောင်းထားပါ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်တို့ရောနယ်ကာ အရသာ ၀င်အောင် နာရီဝက်လောက် ထားပါ
  • အရသာဝင်တာနဲ့ ဆိတ်သားကို ရေမြုပ်ရုံလေး အရင်ထည့်ကာ ပြုပ်ပေးပါ
  • ပထမ တရည်ခမ်းကာနီး ဒုတိရ ရေကို အသားမြုပ်အောင် ထည့်ပြီး ပြုပ်ပါ
  • ဆိတ်သားနူးတဲ့အထိ ပြုပ်ပေးပါ


ဟင်းချက်ရန်လိုအပ်သော ပစ္စည်း

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  3. ကြက်သွန်ဖြူထောင်းရန် - အမွှာကြီးကြီး ငါးမွှာ
  4. ကြက်သွန်နီ မညက်တညက်ထောင်းရန် - ခပ်ကြီးကြီး နှစ်ဥ
  5. ချင်းထောင်းရန် - တလက်မခန့်
  6. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  7. ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တဇွန်း
  8. ကရဝေးရွက် - ၃ရွက်
  9. လေးညှင်း -၂စေ့
  10. ဖာလာ -၂စေ့
  11. သစ်ဂျပိုးခေါက် -၂လက်မခန့်
  12. ဆား - လက်ဖက်ရည်ဇွန်း တ၀က်



ဆိတ်သားနှပ်ရန်ပြင်ဆင်ပုံ


  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ကာ ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်း ဖာလာစေ့ လေးညှင်းပွင့် ကရဝေးရွက်နှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ပြီးတာနဲ့ နူးနေအောင် ပြုပ်ထားသော ဆိတ်သားနှင့် ဆားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • အသားများနှင့် ငရုတ်သီးဆီသတ်  သမသွားပါက ရေမြုပ်အောင်ထည့်ပြီး  ရေမခမ်းစေဘဲ ဆီကျန်ရေကျန်တဲ့ထိ တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက ဟင်းအနှစ်များများနှင့် ဆိတ်သားနှပ် အိအိလေးကို စားသုံးနိုင်ပါပြီ။
  • ဤနည်းအတိုင်း အမဲသား သိုးသားတို့ကိုလဲ နှပ်နိုင်ပါတယ်။

No comments:

Post a Comment