Thursday, 19 November 2015

ချဉ်ပေါင်ထမင်းသုပ်


နွေဦးဝင်ကာစ ထမင်းစားလေးက ပျက်ချင်ချင်မို့ ချဉ်ပေါင်ရွက်ကြော်နဲ့ ထမင်းသုပ်စားလိုက်တာ အင်မတန် ခံတွင်းလိုက်တဲ့ ထမင်းသုပ်တပွဲ ဖြစ်ခဲ့တာမို့ သုပ်နည်းလေး မျှဝေလိုက်ပါတယ် သုပ်ဖို့ချဉ်ပေါင်ကြော်ကိုတော့ အရင်ချဉ်ပေါင်ကြော် ကြော်နည်းအတိုင်းဘဲ ကြော်ထားပြီး ထမင်းနဲ့ရောနယ်ကာ အငံအစပ်ပိုပြီးကြိုက်ရင်တော့ ငါးပိရည် ငရုတ်သီးမှုန့်ထပ်ထည့်ပြီး သုပ်နိုင်ပါတယ်။

ချဉ်ပေါင်ကြော်ရန် ပါဝင်ပစ္စည်းများ

  • အရိုးသင်ပြီး ရေစင်အောင်ဆေးပြီး ရေစစ်ထားသော ချဉ်ပေါင်အနီ - ဇကာအလတ် တလုံး
  • ပြုပ်ပြီး ခပ်ပါးပါးလှီးထားသော မျှစ် - တရုတ်ဟင်းပြင်ပန်းကန် အလတ် တလုံးစာ
  • ပုဇွန်ခြောက် - အကောင် ၃၀ခန့်
  • ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တလုံး
  • အနေတော်စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ပုဇွန်ခြောက်ကို မညက်တညက်ထောင်းထားပါ
  • အောက်ခြေမကပ်သော အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး မွှေးလာအောင်ကြော်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကို တမိနစ်လောက်ထည့်ပြီး ကြော်ပေးပါ
  • ပြီးတာနဲ့ ချဉ်ပေါင်ရွက်ကို ထည့်ပြီးမွှေပါ
  • ချဉ်ပေါင်ရွက် ကျေလာတာနဲ့မျှစ်ကို ထည့်ကြော်ပါ
  • အားလုံးသမသွားတာနဲ့ ငံပြာရည်နှင့် အရသာမှုန့် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့ထည့်ပြီး တမိနစ်လောက် ကြော်ပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ ချဉ်ပေါင်ကြော် မွှေးမွှေးလေးရပါပြီ
  • အသုပ်သုပ်ရန် လိုသလောက်ဘဲ သုံးပြီး ပိုသောချဉ်ပေါင်ကြော်ကို ထမင်းနဲ့စားနိုင်ပါတယ်။

အသုပ်သုပ်ရန် ပြင်ဆင်ပုံ
  • ထမင်း - တရုတ်ဟင်းပြင်ပန်းကန် တလုံးစာ
  • ချဉ်ပေါင်ကြော် - ထမင်းစားဇွန်း မောက်မောက် သုံးဇွန်းသာသာ
  • ငါးပိရည် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အားလုံးကိုရောပြီး ဇလုံကျယ်ကျယ်တလုံးမှာ ခပ်ဖွဖွနယ်ပေးပြီး အရသာမြည်းကာ လိုသလိုပြင်ပြီး ချဉ်ငံစပ် ချဉ်ပေါင်ထမင်းသုပ်ကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment