ဒီနေ့တော့ ခြံထဲက ပန်းအိုးလေးတွေနဲ့ စိုက်ထားတဲ့ အသီးအရွက်တွေခူးပြီး ချဉ်ရည်ဟင်းလေး တစ်မယ်ချက်ပါမယ် ငယ်ငယ်က မိသားစုတွေ ခြံထဲသွားတိုင်း ချက်စားဖြစ်တဲ့ ဟင်းလေးဖြစ်ပြီး အသားမပါပေမဲ့ စားမြိန်ဟင်းလေးဖြစ်လို့ ချက်စားကြည့်စေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- မုန်ညှင်းစိမ်း - ငါးပင်ခန့်
- ရုံးပတေသီး - ၁၅တောင့်ခန့်
- ပန်းဂေါ်ဖီ - အနေတော် သုံးခက်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - ခပ်ကြီးကြီး တစ်မွှာ
- ချင်း - လက်တစ်ဆစ်ခန့်
- ငရုတ်သီးစိမ်း - စားနိုင်လောက်
- နံနံပင် - အနည်းငယ်
- မန်ကျည်းမှည့် - ကွမ်းသီးဆံလုံးသာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်းနှစ်ဇွန်း
ပြင်ဆင်ပုံ
- မုန်ညှင်းရွက်တွေကို နုတဲ့အပိုင်းလေးတွေကို အရင်ရွေးပြီး အနေတော် လှီးဖြတ်ပေးထားပါ
- အနည်းငယ်ရင့်သော အရိုးတံရဲ့ အပေါ်ကြောတွေကို ခွာပလိုက်ပြီး နုတဲ့အပိုင်းလေးတွေကို ရွေးယူပြီး လှီးပေးပါ ပြီးတာနဲ့ ရေဆေးပြီး ရေစစ်ထားပေးပါ
- ပန်းဂေါ်ဖီကိုအခက်လေးတွေရအောင် လှီးပေးပြီး ရေဆေးထားပါ
- ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာငရုတ်သီးမှုန့်နှင့် ရောပြီး ထောင်းထားပါ
- မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေစိမ်ထားပါ
- ချင်းကို အခွံခွာပြီး ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
- ရုံးပတေသီးကို အတောင့်လိုက် ရေဆေးကာ ထက်ဝက်ပိုင်းပြီး လှီးထားပါ
- နံနံပင်ကို ရေဆေးထားကာ အနေတော် လှီးထားပါ
- ငရုပ်သီးစိမ်းကို ရေဆေးပြီး အညှာချွေကာ အတောင့်လိုက်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးထဲမှာ ပန်းဂေါ်ဖီ မုန်ညှင်းရွက်နှင့်အတူ ထောင်းထားသော ငရုတ်သီးထောင်း ဆား အရသာမှုန့်တို့ကို ထည့်နယ်ပေးပါ
- ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး အပူပေးပါ
- အဖုံးကို မဖွင့်ဘဲ အပူငွေ့နဲ့ ပန်းဂေါ်ဖီနှင့် မုန်ညှင်းတွေကို နူးအိအောင် လုံးချက်ပေးပါ
- အိုးထဲမှ မုန်ညှင်းများ အရောင်ပြောင်းပြီး နူးအိလာတာနဲ့ ငရုတ်သီးစိမ်းနှင့် ရေအနည်းငယ် ထည့်ပေးပါ
- ရေဆူလာတာနဲ့ ရေစိမ်ထားသော မန်ကျည်းသီးမှည့်ကို အရည်ကိုဘဲ ထည့်ပေးပါ
- ရေကို အနေတော် ထည့်ပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပြီး လှီးထားသော ရုံးပတေသီးများကို ထည့်ပေးပါ
- ရုံးပတေသီး ထည့်ပေးပြီး ဟင်းရည်အိုးကို ၃မိနစ်လောက် ပွက်ပွက်ဆူစေပြီး မီးပိတ်ပေးပါ
- စားခါနီး ဟင်းပွဲမပြင်ခင် ပူနေသော ဟင်းရည်ထဲသို့ နံနံပင် ထည့်မွှေပေးကာ ချိုချို ချဉ်ချဉ် စပ်စပ် ပူပူရှိန်းရှိန်းလေးနဲ့ မွှေးပြီးအရသာကောင်းလွန်းတဲ့ လယ်တောဟင်း အရည်သောက်ဆမ်းကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment