ဒီတစ်ခါတော့ ကြက်သားကို လယ်တောထဲမှာ အလွယ်တကူ ရနိုင်တဲ့ စပါးလင်လေးနဲ့ တောချက်လေး ချက်ပါမယ် အိမ်ကြက်ဆိုရင်တော့ ပိုမွှေးပြီး စားရတာ ပိုကောင်းပါတယ် မာမာကတော့ အိမ်ကြက်မရှိတဲ့အတွက် မွေးမြူရေး ကြက်ကိုဘဲ ချက်ထားပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား - အနေတော် ၁ခြမ်း
- ကြက်သွန်နီ - အနေတော် ၃လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
- စပါးလင် - အရွက်များပါသော အပင်၂ပင်
- ငရုတ်သီး အခြောက်တောင့် - ၇တောင့်ခန့်
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
- ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
- ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်းခွဲ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ပြင်ဆင်ပုံ
- ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးများ တုံးပေးပါ
- တုံးထားသော ကြက်သားကို ငံပြာရည် ဆား ဟင်းခတ်မှုန့် နနွင်းမှုန့် ငရုတ်သီး အရောင်တင်မှုန်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ငရုတ်သီး အခြောက်တောင့်ကို အညှာခြွေပြီး ပျော့သွားအောင် ရေစိမ်ထားပါ
- ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီး အခြောက်တောင့်တို့ကို ညက်နေအောင် ထောင်းထားပါ
- စပါးလင်ကို ရေဆေးပြီး ဓါးပြားရိုက်ကာ ထုံးထားပါ
ချက်ပြုပ်ပုံ
- ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ထုံးထားသော စပါးလင်ကို ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာပါက ထောင်းထားသော ကြက်သွန်နှင့် ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာပါက အရသာနယ်ထားသော ကြက်သားများကို ထည့်ပြီးမွှေပေးပါ
- ကြက်သား အပေါ်ယံကြောတွေ မာတင်းလာအောင် ဆီသတ်ပေးပြီးမှ အိုးအဖုံးကိုပိတ်ကာ တည်ပေးပါ
- ဆီသံလေး ကြားလာတာနဲ့ ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
- ထည့်ထားသော ရေခမ်းတာနဲ့ ကြက်သားနူးအောင် ရေအနည်းငယ်စီ ထပ်ထပ်ထည့်ပြီး တည်ပေးပါ
- ကြက်သားနှုးအိလာပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီလည်ရေလည်ရအောင် တည်ပေးပါ
- ဆီလည်ရေလည် အနေတော် ရသွားပြီဆိုမှ စပါးလင်ထုံးကိုဖယ်ကာ အရသာရှိသော ကြက်သား လယ်တောချက် မွှေးမွှေးလေးကို စားပွဲပြင်ပေးပါ။
No comments:
Post a Comment