အိမ်မှာ မကြာမကြာ ဆိုသလို ချက်စားဖြစ်တဲ့ ကြက်ဆီထမင်း အိမ်ချက်လေး ချက်ဖြစ်ပါတယ် အရင်တုန်းကလဲ ကြက်ဆီထမင်း ချက်နည်းလေးတွေ တင်ဖူးပါတယ်။
ဒါပေမဲ့ တင်ဖူးတဲ့ ပို့စ်အဟောင်းတွေက နောက်မှာ ကျန်ခဲ့လေတော့ ချက်နည်းလေးတွေ ပြန်ရှာရခက်သလို နေ့စဉ် မြင်နေရရင်တော့ စိတ်ထဲမှာ စားချင်စိတ်လေး ပေါ်လာရင် ချက်နိုင်အောင် မာမာပြင်ဆင်ပြီး ချက်ဖြစ်တဲ့ ချက်နည်းလေးကို ပြန်လည်ပြီး မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင် - တစ်ကီလိုခန့်
- ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
- ကြက်အဆီဖတ် - ငါးခုခန့် (သို့မဟုတ်) ကြက်အရည်ခွံ - ငါးခုခန့်
- စပါးလင် - ရှစ်လက်မခန့်
- ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ နှစ်ဆယ်ခန့် (အချဉ်စပ်ရန် ကြက်ပြုပ်ရန်နှင့် ဆန်ဆီသတ်ရန် ခွဲသုံးပါ)
- ကြက်သွန်မိတ် - သုံးပင်
- ချင်း - နှစ်လက်မခန့် (အချဉ်စပ်ရန် ကြက်ပြုပ်နှင့် ဆန်ဆီသတ်ရန် ခွဲသုံးပါ )
- နံနံပင် - အနည်းငယ်
- ငရုတ်သီးစိမ်း - ငါးတောင့်
- သံပုရာသီး - တစ်ခြမ်း
- ပျားရည် - ထမင်းစားဇွန်း တစ်ဇွန်း ပျားရည်မရှိက သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း သုံးဇွန်း
- သခွားသီး - အနည်းငယ်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ (ဟင်းချိုနှင့် ကြက်ပြုပ်တွင်သုံးရန်)
- ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ ( ကြက်ပြုပ်ထဲနှစ်ဇွန်းထည့်ရန်နှင့် ပိုတာကို ဟင်းချိုရည်ထဲ ထည့်ရန်)
- ရေ - လိုသလောက် သုံးပေးပါ
- ကြက်ပြုပ်ရည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ရှစ်ဗူး (ထမင်းချက်ရန်)
- ကြက်ပေါင်သားကို သန့်စင်အောင် ဆေးပေးထားပါ
- ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးခြမ်း စိတ်ထားပါ
- ချင်းခပ်ပါးပါး ၇ပြားခန့်ကို အခွံခွာပြီး ရေစင်အောင်ဆေးပြီး ဓါးပြားရိုက်ထားပါ
- ကြက်သွန်မိတ်ကို တစ်လက်မ အရှည်ခန့် လှီးထားပါ
- စပါးလင်ကို ၂လက်မအရွယ် လေးပိုင်းပိုင်း၍ အနည်းငယ် ထုပေးထားပါ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ကြက်သား ချင်း ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူ ၄မွှာ ကြက်သွန်နီ ကြက်သွန်မိတ်တို့နှင့် ရေမြုပ်အောင်ထည့်ကာ ဟင်းရည်များ ဝေမကျစေရန် အဖုံးမဖုံးဘဲ မီးအားကောင်းကောင်းနဲ့ ပြုပ်ပေးပါ
- ဟင်းရည်များ ဆူလာပြီ ဆိုတာနဲ့ မီးကိုအနေတော်သို့ လျှော့ကာ အဖုံးဖုံးပြီး ပြုပ်ပေးပါ
- စုစုပေါင်း နာရီဝက်ခန့်ပြုပ်ပေးပါ
- ပြီးတာနဲ့ အအေးခံပြီး မိမိနှစ်သက်သည့်ပုံစံ ခုတ်ပေးထားပါ
ထမင်းချက်ရန် ပြင်ဆင်ပုံ
- ဆန်ကို ရေဆေးပြီး စစ်ထားပါ
- ချင်း လက်တစ်ဆစ်လောက်ကို အခွံခွာပြီး ထောင်းထားပါ
- ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ထောင်းထားပါ
- ဆား အနည်းငယ်ကို ပြင်ထားပါ
- ကြက်အဆီဖတ်ကို ရေဆေးထားပါ
- ဆီ ထမင်းစားဇွန်း ၂ဇွန်း
- ဒယ်အိုးတစ်လုံးကို အပူပေးပါ
- ပူလာတာနဲ့ ဆီ ကြက်ဆီဖတ် ကြက်သွန်ဖြူနှင့် ချင်းတို့ကို ထည့်ပြီးကြော်ပေးပါ
- ကြက်ဆီဖတ်များ ပျော်လာပြီး ကြက်သွန်ဖြူနှင့် ချင်းတို့မွှေးလာပါက မပျော်သေးတဲ့ ကြက်ဆီဖတ်များကို ဖယ်ပေးပြီး လွှင့်ပလိုက်ပါ
- ပြီးတာနဲ့ ရေဆေးပြီး စစ်ထားသော ဆန်ကို ထည့်ကြော်ပေးပါ
- ၂မိနစ်လောက် ကြော်ပေးပြီး ဆန်သားကြည်လာတာနဲ့ ကြော်ထားသောဆန်နှင့် ကြက်ပြုပ်ရည်ကို ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူးထည့်ပြီး ချက်ပေးပါ
- မိမိသုံးသော ဆန်အနေအထားပေါ် မူတည်ပြီး ရေကိုထည့်ပါ
- ဆန်ပျော့ကို ချက်ပါက ပုံမှန်အတိုင်း ရေကိုထည့်ပြီး ဆန်မာကို သုံးပါက ရေပိုထည့်ပါ
- ဆန်အမာ သုံးထားသည့်အတွက် ရေကိုပိုပြီး သုံးထားပါတယ်
- ထမင်းအိုး ရေဆူလာပါက အထက်အောက် သမအောင် နှစ်ချက် သုံးချက်လောက် မွှေပေးပါ
- ထမင်းအိုး ခလုပ်တက်ပါက ကြက်ဆီထမင်း ကျက်ပါပြီ
- ထမင်းနှင့် တွဲစားရန် သခွားသီးကို လှီးပေးထားပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ နှစ်သက်သလို ပြင်ဆင်ပေးပြီး စားသုံးနိုင်ပါပြီ။
ကြက်ဆီထမင်းနှင့် တွဲစားရန် sauce စပ်ရန်
- ချင်း လက်တဆစ်ခန့်ကို ညက်နေအောင် ထောင်းထားပါ
- ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
- ကြက်သွန်ဖြူကို မညက်တညက် ထောင်းထားပါ
- နံနံပင်ကို မညက်တညက် ထောင်းထားပါ
- ပဲငံပြာရည် သံပုရာရည် ပျားရည်တို့ကိုပြင်ထားပါ
- ပျားရည် သို့မဟုတ် သကြားကို ပြင်ထားပါ
- ရေနွေး အအေးခံပြီးသား ထမင်းစားဇွန်း သုံးဇွန်းကို ပြင်ပေးထားပါ
- ဇလုံထဲမှာ ပါဝင်ပစ္စည်းများ အကုန်ထည့်ပြီး ဖျော်ပေးပါ
ဟင်းချိုရည်ချက်ရန်
- ကြက်ဆီထမင်း ချက်ရာတွင် ပိုနေသော ကြက်ရိုးများကို ရေသင့်ရုံထည့်ပြီး ဆားနှင့်အချိုမှုန့်ထည့်ကာ ရေဆူအောင် တည်ပေးပါ
- ရေပွက်ပွက်ဆူလာပါက အရသာမြည်းပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းကို အနည်းငယ် ခပ်ပေးပါ
ကြက်ဆီထမင်း စားရန် မိသားစု နည်းတဲ့အတွက် ကြက်သားနှင့်ဆန်ကို သင့်ရုံလေးဘဲ ချက်ထားပါတယ် မိသားစု ၅ငါးယောက်စာအတွက် အထက်ပါ နူံးထားအတိုင်း ချက်ပေးပါ။
No comments:
Post a Comment