ဒီနေ့တော့ ချဉ်ငံပြီး စပ်နေတဲ့ အလွန်အရသာရှိသော ပဲကြာဇံသုပ်ကို သုပ်စားဖြစ်လို့ လူတိုင်း ကြိုက်နှစ်သက်ကြမယ် ထင်တဲ့အတွက် ဆီမပါဘဲ သုပ်လိုက်တဲ့ ပဲကြာဇံသုပ် အရိုင်းသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲကြာဇံအခြောက် - လက်တစ်ဆုတ်စာ သာသာ
- ကြက်ရင်ပုံသား - အနေတော် တစ်ခု
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်
- ကြက်သွန်မိတ် - အနေတော် တစ်ပင်
- မုံလာဥနီ - အနေတော် တစ်ဥ
- သံပုရာသီး - လိုသလောက်
- ငါးငံပြာရည် - လိုသလောက်
- အရသာမှုန့် -လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
- ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ
- ပြီးတာနဲ့ ဇောက်နက်သော အိုးအနေတော် တစ်လုံးထဲမှာ ကြက်သားကို ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
- ကြက်သားပြုပ်အို ရေခမ်းပါက အအေးခံကာ ပုံပါအတိုင်း ကြက်သားကို မွှထားပေးပါ
- ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ထားပါ
- ရေစိမ်ပြီးသော ပဲကြာဇံကို ရေစစ်ပြီး ရေနွေးဆူဆူ လောင်းထည့်ပေးပြီး သုံးမိနစ်လောက်ထားကာ ရေအေးနှင့်ဆေးပြီး ရေစစ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးက ခပ်ပါးပါး လှီးပေးထားပါ
- မုံလာဥနီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ရှည်ရှည်လေးတွေ ခြစ်ထားပေးပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးပေးထားပါ
- သံပုရာသီးကို ရေဆေးပြီး လိုသလောက် စိတ်ပေးထားပါ
- အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဇလုံတစ်ခုထဲမှာ ပါဝင်ပစ္စည်းများထည့်ကာ သံပုရာရည်ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
- အားလုံး သမသွားပြီ ဆိုတာနဲ့ အရသာမြည်း၍ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးကာ ကြက်သားပဲကြာဇံသုပ် ချဉ်ငံစပ်လေးကို စားသုံးနိုင်ပါပြီ။
No comments:
Post a Comment