ပုဇွန် ၂ကီလို ၀ယ်ထားတာ လက်စသပ်သင့်ပြီလို့ ထင်ကြမှာဘဲနော် မြန်မာပြည်ကလာတဲ့ ရေချိုပုဇွန်လေးတွေ ရခဲသလို စားရခဲတာမို့လို့ တနေ့တမျိုး မရိုးရအောင် စားပါရစေ ။
ဒီနေ့တော့ ပဲငပိနဲ့ ချဉ်ငံစပ်လေး ကြော်ပါမယ် ထမင်းကတော့ စားလို့မိန်ကြအုံးမှာ ပါဝင်ပစ္စည်းလေးတွေ အဆင်သင့်ရှိရင်တော့ ကြော်စားကြည့်စေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- သန့်စင်ပြီးသား ပုဇွန်ခေါင်းချိုး -၂ဆယ်သား
- ပဲငပိ အချို - ထမင်းစားဇွန်း ၇ဇွန်း
- ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း ၂ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ဆီ - ထမင်းစားဇွန်း ၇ဇွန်းခန့်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
- ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃ဇွန်း
ပြင်ဆင်ပုံ
- ပုဇွန်ကို မလိုတာတွေဖယ်ပြီး သန့်စင်ကာ ဆား နနွင်း လက်ဖက်ရည်ဇွန်း သုံးပုံ တပုံနှင့် အရသာမှုန့်တို့ နယ်ထားပါ
- ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ပါးပါးရိတ်ရိတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာထားပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ငရုတ်သီး အကြမ်းမှုန့်ကို ပြင်ထားပါ
- ဆီကိုအပူပေးပြီး ဆီပူလာပါက နနွင်းမှုန့် အနည်းငယ်ထည့်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ထည့်ကြော်ပါ
- ကြက်သွန်များ နွမ်းလာတာနဲ့ ငရုတ်သီးမှုန့်ကို ထည့်ကြော်ပါ
- ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးများကို နွမ်းကျေသွားအောင် ထည့်ချက်ပေးပါ
- ခရမ်းချဉ်သီးများ နွမ်းကျေပြီး အခွံများ လိပ်လာတာနဲ့ ငံပြာရည် ပဲငပိနှင့် ပုဇွန်တို့ထည့်မွှေပါ
- ခရမ်းချဉ်သီးမှ အရည်များ ထွက်လာပြီး ပွက်ပွက်ဆူနေချိန်မှာ အရသာကို မြည်ပြီး လိုသလိုပြင်ပေးပါ
- အရည်များ ခမ်းလာပါက ထမင်းစားလို့ မိန်စေမဲ့ ပုဇွန်ပဲငပိ ချဉ်ငံစပ် ဟင်းလေး ရပါပြီ။
No comments:
Post a Comment