Sunday, 29 January 2017

ချဉ်ငံစပ်ပြီး မွှေးနေတဲ့ မုန့်ညှင်းစော





ဒီနေ့တော့ အရည်သောက်ဆမ်းလေး တမယ်ပါအောင် မုန်​ညှင်း​စောအရည်လေး ချက်ပါတယ် မုန့်ညှင်းစောဆို တာက ရှမ်းစာပါ ချက်နည်းလေး ကွာသွားရင်တော့ နားလည်ပေးစေလိုပါတယ် တိုင်းရင်းသား ရိုးရာအစာလေး တခုဖြစ်ပြီး ရာသီဥတု အေးနေချိန်မှာ အင်မတန်မှ ထမင်းစား မိန်စေတဲ့ အရံဟင်းတမယ်ဆိုလဲ မမှားပါဘူး အဆင်ပြေမယ်ဆိုရင်တော့ ချက်စားကြည့်စေချင်ပါတယ်။

မာမာကတော့ ချဉ်စော်ကားသီး မရှိတဲ့အတွက် အစားထိုးအနေနဲ့ မန်ကျည်းသီးမှည့်ကိုထည့်ပြီး ချက်ထားပါတယ်။


ပါဝင်ပစ္စည်းများ

  • မုန်​ညှင်းစိမ်း - အနေတော် ၃စည်း
  • ခရမ်းချဉ်​သီး - အလုံးကြီးကြီး ၃လုံး
  • ကြက်​သွန်​နီ - အနေတော် ၁လုံး
  • ကြက်သွန်ဖြူ - ခပ်ကြီးကြီး တမွှာ
  • ချင်း​ - လက်တဆစ်ခန့်
  • ငရုတ်​သီးစိမ်း - စားနိုင်လောက်
  • နံနံပင်​ - အနည်းငယ်
  • မန်​ကျည်းမှည့်​(သို့) ချဉ်​​စော်​ခါးသီး​ခြောက်​ - အနည်းငယ်
  • ကြံသကာအညို - အနည်းငယ်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း 
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း၂ဇွန်း
ပြင်ဆင်ပုံ
  • မုန်​ညှင်းရွက်​​တွေကို နုတဲ့အပိုင်း​လေး​တွေကို အရင်ရွေးပြီး အနေတော် လှီးဖြတ်ပေးထားပါ
  • အနည်းငယ်ရင့်သော အရိုးတံရဲ့ အ​ပေါ်​ကြော​တွေကို ခွာပလိုက်ပြီး နုတဲ့အပိုင်း​လေး​တွေကို ရွေးယူပြီး လှီးပေးပါ
  • ပြီးတာနဲ့ ရေ​ဆေးပြီး ရေစစ်​ထားပေးပါ
  • ကြက်သွန်နီကို ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ထားပါ
  • ချင်းကို အခွံခွာပြီး ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
  • ခရမ်းချဉ်သီးကို ခပ်ပါးပါး လှီးထားပါ
  • ငရုပ်သီးစိမ်းကို အတောင့်လိုက် ထက်ခြမ်းခြမ်း ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးထဲမှာ မုန်​ညှင်းရွက်​​နှင့်အတူ ပါးပါးလှီးထားတဲ့ကြက်​သွန်​နီ ထောင်းထားသော ကြက်​သွန်​ဖြူ ခပ်ပါးပါး လှီးထားတဲ့ ခရမ်းချဉ်​သီး ဆား အရသာမှုန့် ကြံသကာ တို့ကိုထည့်နယ်ပေးပါ 
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး အပူ​ပေးပါ
  • အဖုံးကို မဖွင့်​ဘဲ အပူငွေ့နဲ့ မုန်​ညှင်း​တွေကို နူးအိ​အောင်​ လုံးချက်​ပေးပါ
  • အိုးထဲမှ မုန်​ညှင်း​များ အ​ရောင်​​ပြောင်းပြီး နူးအိ​လာတာနဲ့ ရေအနည်းငယ် ထည့်ပေးပါ
  • ရေဆူလာတာနဲ့ ရေစိမ်ထားသော မန်ကျည်းရည်ကို ထည့်ပေးပါ
  • ရေအများကြီး ထည့်စရာ မလိုတဲ့အတွက် ရေစပ်ကျဉ်းလေးဘဲ ထည့်ပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • စားခါနီး ဟင်းပွဲမပြင်ခင် ပူနေသော ဟင်းရည်ထဲသို့ ငရုတ်သီးစိမ်း လှီးထားသော ချင်း နံနံပင်တို့ ထည့်မွှေပေးကာ ချိုချို ချဉ်ချဉ်​ စပ်စပ် ပူပူရှိန်း​ရှိန်းလေးနဲ့ မွှေးပြီးအရသာကောင်းလွန်းတဲ့ မုန့်ညှင်းစော အရည်သောက်ဆမ်းကို ကြက်ကြော် ဘာလချောင် အစပ်ကြော်တို့နှင့်အတူ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Saturday, 28 January 2017

လက်ပံပြား ကြက်ကြော်


လက်ပံပြားကြက်ကြော် လက်ပံပြားကြက်ကြော်နဲ့ နံမည်ကြီးလွန်းပေမဲ့ တခါမှတော့ မစားခဲ့ဖူးတာ အမှန်ပါဘဲ ကြော်နည်းလေး လာမေးတိုင်းလဲ လေ့လာသိရသလောက်က မသေချာမှာဆိုးတာနဲ့ ကိုယ်ကိုတိုင် မစမ်းရဲခဲ့တဲ့ အဖြစ်ပါ။

ဒီနေ့တော့ မိတ်ဆွေတယောက် ပြောတဲ့နည်းအတိုင်း စမ်းကြော်ကြည့်တာ စားလို့အရမ်းကောင်းတဲ့အတွက် လက်ပံပြားကြက်ကြော် အစစ်မဟုတ်တဲ့ အော်စီကြက်ကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

လက်​ပံပြားကြက်​​ကြော်​က အဓိက အိမ်ကြက် ဗမာကြက်နဲ့ကြော်ကြပြီး ကြော်မဲ့ကြက်က လေးဆယ်သား ငါးဆယ်သား အကောင်လောက်နဲ့ ကြော်တာအကောင်းဆုံးပါ အကောင်ကြီးရင် ကြော်ပြီးတဲ့အခါ မာသွားတတ်ပါတယ် ဗမာကြက် မရှိလေတော့ အော်ဂဲနစ် ကြက်နဲ့ကြော်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  • အော်ဂဲနစ်ကြက် သို့မဟုတ် ဗမာကြက် တကောင် ငါးဆယ်သားခန့်
  • ဆား လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ချင်း တလက်မခန့်
  • သကြား ထမင်းစားဇွန်း တဇွန်း
  • ဆီ တလီတာခန့်
ပြင်ဆင်ပုံ
  • အမွှေးနူတ်ပြီးသား ကြက်အကောင်လိုက်ကို မလိုတာတွေဖယ်ပြီး ၆တုံးတုံးပေးပါ
  • ချင်းကိုထောင်းပြီး အရည်ကိုဘဲယူပါ
  • ခုတ်ပြီးသား ကြက်သားများနှင့် ဆား သကြား ချင်းရည် အရသာမှုန့်နှင့် နနွင်းမှုန့်တို့ကို ဇလုံတခုထဲထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • ကြော်တဲ့အချိန်မှာ အရောင်လှစေရန် သကြားသုံးတာ ဖြစ်တဲ့အတွက် သကြားအရမ်းမများဖို့ သတိထားပြီး ထည့်နယ်ပါ
  • အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဇောက်နက်သော အိုးတလုံးထဲမှာ အရသာ နယ်ထားသော ကြက်သားများကို ထည့်ပေးပြီး ရေမြုပ်တယ်ဆိုရုံလေး ထည့်​ပေးကာ ရေခမ်းတဲ့အထိ ပြုတ်​ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ ဇောက်နက်သော ဒယ်​အိုးတလုံးမှာ ဆီတလီတာခန့်​ကို ထည့်ပေးပြီး အပူ​ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သားကို ထည့်ပေးပြီး ရွှေဝါ​ရောင်​​လေး ရလာတဲ့အထိ ကြော်​ပေးပြီး ဆီစစ်​ပေးပါ
  • ဆီစစ်သွားပြီဆိုတာနဲ့ လက်ပံပြား ကြက်ကြော်ကို အရသာရှိစွာ စားသုံးနိုင်ပါပြီ။

Friday, 27 January 2017

ကြက်သား ခရမ်းသီးနှပ်


ဒီနေ့တော့ ကြက်သားပြုပ်ထားတာလေးတွေနဲ့ ခရမ်းသီးနှပ်ဖို့ ပြင်ပါတယ် ငါးပိရည်ဖျော် စပ်စပ်လေးနဲ့ အင်မတန်မှ လိုက်ဖက်တဲ့ ဟင်းတမယ်ပါ ချက်နည်းလေးက လွယ်လွန်းပေမဲ့ ထမင်းစားလို့ မိန်စေတဲ့ ဟင်းတမယ် ဖြစ်တဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ခရမ်းသီး - အလုံးကြီးကြီး ၂လုံး
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ ဥကြီးကြီး - တဥ
  • ပြုပ်ပြီးအသားမွှာထားသော ကြက်ရင်ပုံသား  - အနည်းငယ်
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး လေးစိတ်လှီးပေးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ခရမ်းသီးထဲ ၀င်နေသော အရည်များကုန်အောင် ညှစ်ပေးပြီး ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ဆား ဆီ အရသာမှုန့် အသားမွှာအာထားသော ကြက်သားတို့ကို ရောနယ်ပေးထားပါ
  • ခရမ်းသီးများကို ဇောက်နက်သော အိုးထဲထည့်ပြီး အစာများထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
  • အိုးထဲမှာ အရသာနယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေးလေးနှင့် ကြက်သား ခရမ်းသီးနှပ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Thursday, 26 January 2017

မုန့်ညှင်းရွက် ချဉ်ရည်ဟင်း



ထမင်းစားလို့ မကောင်းတဲ့ အချိန်လေးတွေမှာ စားချင်တာက ချဉ်ငံစပ်လေးတွေပါဘဲ ဒါကြောင့်မို့လို့ဒီနေ့တော့ မုန့်ညှင်းရွက်နဲ့ချဉ်ရည်ဟင်းချက်ကာ ငါးပိချက်လေးချက်လို့ ထမင်းစားလို့ မိန်နိုင်အောင် ချဉ်ရည်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • မုန့်ညှင်းရွက်  - တစည်း
  • ကြက်သွန်နီ - တခြမ်း
  • ကြက်သွန်ဖြူ - နှစ်မွှာ
  • ချင်း - လက်တဆစ်၏ တဝက်
  • ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • မကျည်းအနှစ် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပုဇွန်ထုတ်  - ၇ကောင်
  • နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  1. မုန့်ညှင်းပင်ကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  2. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  3. ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းအခွံ ဖြုတ်ထားပေးပါ
  4. ဇောက်နက်သောအိုးထဲမှာ ပုဇွန် မုန့်ညှင်းရွက်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  5. အရသာနယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  6. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  7. အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  8. ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မကျည်းသီးအနှစ်ထည့်ပြီး ရေကို တမိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့ နံနံပင်အုပ်ကာ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ  မီးပိတ်ပေးပါ

Tuesday, 24 January 2017

ရွှေကြည် ဆနွင်းမကင်း




ထမင်းစားပြီး အချိုပွဲလေး ပြင်ရအောင် ဒီတခါတော့ ရွှေကြည်ဆနွင်းလေး လုပ်ဖြစ်ပါတယ် ပင်ပင်ပန်းပန်း လုပ်ရတာ မဟုတ်တဲ့အတွက် အဆင်ပြေမယ်ဆိုရင် ဆနွင်းမကင်းလေး လုပ်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရွှေကြည်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • သကြား - ထမင်းစားဇွန်း ၅ဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပါ)
  • ထောပတ် - 75ml
  • ဆီ - 80ml
  • အုန်းနို့ - 400ml 
  • ကြက်ဥ - ၃လုံး
  • ဘိန်းစေ့ - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ရေ - 200ml

ပြင်ဆင်ပုံ

  • ရွှေကြည်မှုန့်များကို အိုးအသားထူသော ဒယ်အိုးထဲတွင် ရွှေဝါရောင်သန်းလာအောင် လှော်ပေးကာ အအေးခံပေးပါ
  • ကြက်ဥများကို အနှစ်နှင့်အကာ သမသွားအောင် ခေါက်ထားပါ
  • လိုအပ်သော ပစ္စည်းများ ပြင်ထားပါ
  • ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲမှာ လှော်ထားသော ရွှေကြည်မှုန့် ကြက်ဥ အုန်းနို့ သကြား ဆား ရေ ထောပါတ် ဆီ အားလုံးတို့ကို ထည့်ပြီး အကုန်နှံ့အောင် ရောမွှေပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ မီးဖိုပေါ်တင်ကာ တည်ပေးပါ
  • ရွှေကြည်အိုး မကပ်စေရန် အိုးထဲမှ ရွှေကြည်ကို အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ
  • ရွှေကြည်များ ပြစ်လာတာနဲ့ ရွှေကြည်ဖုတ်မည့် ဗန်းထဲကို ပြောင်းထည့်ပေးပါ
  • ကျိုထားသော ရွှေကြည်များ မုန့်ဖုတ်မည့် ဗန်းထဲကိုထည့်စဉ် သစ်သားယောင်းမဖြင့် ဖိသိပ်ပေးပါ
  • ပြီးတာနဲ့ ရွှေကြည်ပေါ်မှာ ဘိန်းစေ့များ ဖြူးပေးပါ
  • မုန့်မဖုတ်ခင် oven ကို 180°c ဖြင့် ၁၅မိနစ်ခန့် ကြိုပြီးဖွင့်ပေးထားပါ
  • မီးဖိုပူလာတာနဲ့ ရွှေကြည်ထည့်ထားသော ဗန်းကို ovenထဲမှာ မိနစ်၂၀ခန့် ထည့်ဖုတ်ပေးပါ
  • မိနစ်၂၀ သို့မဟုတ် ၂၅မိနစ် ပြည့်တာနဲ့ မီးပိတ်ပေးပြီး ရွှေကြည်ဗန်းကို မထုတ်သေးဘဲ oven ထဲမှာ ဆယ်မိနစ်လောက် ထားပြီးမှ ထုတ်ပေးပြီး အအေးခံထားပါ
  • ရွှေကြည်ဗန်း အေးတော့မှ ရွှေကြည်များကို လိုသလို ပုံစံလေးများ လှီးပေးကာ စားသုံးနိုင်ပါပြီ။




Monday, 23 January 2017

ငါးရံ့ ဆန်​​လှော်​ဆန်​ပြုပ်


တခါတရံ ထမင်းစားချင်စိတ် မရှိတဲ့အချိန်မျိုးမှာ ငါးရံ့ဆန်လှော်ပြုပ်လေး သောက်ချင်စိတ် ပေါ်လာတာနဲ့ ငါးရံ့ကို အသားနွှင်ပြီး ဆန်ပြုပ် ပြုပ်ဖြစ်သွားတာနဲ့ ဆန်လှော်ဆန်ပြုပ် ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေဆေးပြီး ရေမထည့်ဘဲ ညိုရောင်သန်းလာတဲ့ထိ လှော်ထားသောဆန် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၂ဗူး
  • အရိုးအသားနွှင်ကာ အသားလွှာထားသော ငါးရံ့ - 150g
  • အခွံခွာပြီး ရေဆေးထားသော ကြက်သွန်နီ - ဥအသေး ၁၀လုံး
  • ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
  • ပါးပါးလှီးထားသောကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၎မွှာ
  • ညက်နေအောင် ထောင်းထားသော ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားသော - ကြက်သွန်ဖြူ ၂မွှာ
  • ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

ပြင်ဆင်ပုံ
  • လှော်ထားသောဆန်ကို ရေများများထဲ့ပြီး နူးအောင်ပြုပ်ပါ
  • ဆန်လုံးများ ကျေလာအောင် ပြုပ်ပေးပါ
  • ငါးရံ့ကို အကောင်လိုက် အကြေးခွန်ထိုးပြီး ဗိုက်ခွဲကာ မလိုတာတွေဖယ်ပြီး အကောင်လိုက် ရေဆေးပေးပါ
  • အကောင်လိုက် ရေဆေးထားသော ငါးရံ့ကို ကြောဖက်မှ လွှာပေးကာ အရိုးများ မပါအောင် အသားလွှာပေးပါ
  • အသားလွှာထားသော ငါးအသားပြားကို ခပ်သေးသေးလေးတွေ တုံးထားပေးပါ
  • ဆန်ပြုပ်နေတုံး ဆီကို နနွင်းမှုန့်ထဲ့ကာ အပူပေးပြီး လှီးထားသော ကြက်သွန်နီ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ
  • ကြက်သွန်များပျော့ပြီး မွှေးလာပါက အရိုးနွှင်ထားသော အသားများကိုထည့်ပြီး ၃မိနစ်လောက် ဆီသတ်ပေးထားပါ
  • ဆန်လှော်များ မနူးသေးပါကနူးတဲ့ထိ ရေထဲ့ပြီးပြုပ်ပေးပါ
  • ဆန်ပြုပ် ပြုပ်နေစဉ် မကပ်အောင် မွှေမွှေပေးပါ
  • ဆန်နူးပြီဆိုပါက ရေကိုတရုတ်ဟင်းပြင်ပန်းကန် ၅လုံးစာလောက်ထဲ့ပေးပြီး ကြက်သွန်ဥလေးများနှင့် ဆီသတ်ထားသောငါးကို ထည့်ပြုပ်ပေးပါ
  • ဆားနှင့်အရသာမှုန့်၂ဇွန်းကိုထည့်ပြီး မွှေပေးကာ အရသာမြည်းပါ
  • လိုအပ်သော အရသာပြင်ပေးပြီး ကြက်သွန်ဥလေးများ နူးလာပါက ထောင်းထားသော ကြက်သွန်ဖြူ ငရုတ်ကောင်းတို့ကိုထဲ့ပြီး မီးနွေးနွေးနဲ့ထားပြီး လိုသလောက် ထည့်သောက်ကာ သောက်ကာနီးမှ ကြက်သွန်မိတ်ဖြူးပြီး ပူပူလေး သောက်နိုင်ပါပြီ။

Sunday, 22 January 2017

ဆိတ်သားစဉ်းကော ဆီပြန်







ဒီတခါတော့ အိမ်အလုပ်လေး နည်းနည်းပါးတုန်း ဆိတ်သားစဉ်းကောလုပ်ကာ ချိုချဉ်ငံစပ် အကုန်ထည့်ပြီး ငရုတ်ကောင်း များများနဲ့ အရှေ့တိုင်း အနောက်တိုင်း ရောသမမွှေပြီး ရောသမမွှေ ဆိတ်သားဟင်းလေး ချက်ဖြစ်တာမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆိတ်သား - 500g
  • ခရမ်းချဉ်သီး - လှီးပြီးသား ready made တဗူး
  • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း မောက်မောက် 
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ထောပတ် - 50g
  • ဆီ - ထမင်းစားဇွန်း၃ဇွန်း
  • ကော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်ကောင်း - မညက်တညက် လဖက်ရည်ဇွန်း တဇွန်း မရှိတရှိ
  • နံနံစေ့ - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • ဆိတ်သားကို ရေဆေးပြီး နုတ်နုတ်ပါအောင် စဉ်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်ကောင်းနှင့် နံနံစေ့ကိုလှော်ပြီး မညက်တညက် ထောင်းထားပါ
  • ခရမ်းချဉ်သီး ဗူးကိုဖောက်ထားပါ
  • ထောပတ် ဆီ ဆား ငရုတ်သီးမှုန့် အရသာမှုန့် ကော်မှုန့်နှင့် သံပုရာရည်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ခရမ်းချဉ်သီးမှလွဲပြီး ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပေးပါ
  • ပြီးတာနဲ့ oven ထဲထည့်ဖုတ်မည့် ဇောက်နက်သော ဗန်းထဲကို ထည့်ပေးပါ
  • ထည့်ပြီးသော အသားများအပေါ်ကို ခရမ်းချဉ်သီးဗူး လောင်းထည့်ကာ ဖြန့်ပေးပါ
  • အပေါ်မှ ခဲပါတ်ဖြင့် လုံအောင်အုပ်ပေးပါ
  • Oven ကို 200°c ဖြင့် အသားမထည့်ခင် ၁၅မိနစ်ခန့် ကြိုဖွင့်ထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ အသားထည့်ထားသော ဗူးကို ဗန်းတခုခံပြီး oven ထဲမှ မိနစ်၄၀ခန့် ထည့်ဖုတ်ပေးပါ
  • ၄၅ မိနစ်ပြည့်တာနဲ့ မွှေးပြီး အရသာ ကောင်းမွန်သော ဆိတ်သားစဉ်းကော ချိုချဉ်ငံစပ် မွှေးမွှေးလေးကို အရသာရှိစွာ စားသုံးနိုင်ပါပြီ။


Saturday, 21 January 2017

ကြက်သားနှမ်းကပ် အစိမ်းကြော်


ဒီနေ့တော့ ထမင်းမိန်စေမဲ့ တရုတ်ဟင်းလျှာ စားဖွယ်တမျိုးဖြစ်တဲ့ ကြက်သားနှမ်းကပ်ကြော်လေး ကြော်ဖြစ်လို့ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - ခပ်ကြီးကြီး တခု
  • ခရုဆီ - ထမင်းစားဇွန်း တဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ပဲသီး - ၁၅တောင့်
  • မုံလာဥနီ - အနေတော် တဥ
  • ပဲပင်ပေါက် - အနည်းငယ်
  • နှမ်းဖြူ - ထမင်းစားဇွန်း ၂ဇွန်း
  • ဂျုံမှုန့် - ထမင်းစားဇွန်း ၃ဇွန်း
  • ကြက်ဥ - တလုံး
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး လက်တလုံးလောက် အနေအထား ရှည်ရှည်လေးတွေ လှီးထားပါ
  • လှီးပြီးသော ကြက်သားကို ဆား အရသာမှုန့် ခရုဆီတို့နှင့် နယ်ထားပါ
  • ကြက်ဥကို ခလောက်ထားပါ
  • အရသာနယ်ထားသော ကြက်သားကို ခလောက်ထားသော ကြက်ဥထဲမှာ နှစ်ပေးပြီး  နှမ်း ဂျုံမှုန့်တို့နှင့် နယ်ထားပါ
  • ဆီကိုအပူပေးပြီး အရသာ နယ်ထားသော ကြက်သားကို ရွှေဝါရောင် ရသည်အထိ ကြော်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ပြီး အဖတ်လေးများ ရအောင် ခွာထားပါ
  • ပဲသီးကို အကြောသင်ပြီး ရေဆေးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ခပ်ပါးပါး အမျှင်လေးတွေ လှီးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို မွှေးရုံလေး ထည့်ကြော်လိုက်ပါ
  • ပြီးတာနဲ့ အသီးအရွက်များကို ၂မိနစ်လောက် ကြော်ပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းတာနဲ့ ကြော်ထားသော ကြက်သားကို ထည့်ကြော်ပေးပါ
  • ကြက်သားကြော် ထည့်ပြီးတာနဲ့ ပဲငံပြာရည် ဆား လက်ဖက်ရည်ဇွန်း တ၀က်နှင့် နှမ်းဆီထည့်ပြီး မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်သားနှမ်းကပ်ကြော် ပူပူလေးကို စားသုံးရန် ပြင်ပေးပါ။

Friday, 20 January 2017

ထိုင်းစတိုင်လ် ကြက်ဥနှင့် စပါဂတီခေါက်ဆွဲအစပ်ကြော်


စပါကတီ ခေါက်ဆွဲတွေ ၀ယ်ထားပြီး ဘိုဆန်ဆန်တွေ လုပ်စားပြန်တော့ ပေါ့လျှံလျှံတွေတွေနဲ့စားလို့ကမကောင်း တယောက် တဇွန်းလောက်ဘဲ စားကြပြီး ကိုယ်ဘဲကျန်ဖြတ် လုပ်ရပြန်ရော အဲဒါနဲ့ဘဲ ဒီတခါတော့ စပါကတီခေါက်ဆွဲကို ထိုင်းစတိုင်လ် အစပ်လေး ကြော်ဖြစ်သွားလေတော့ ကြော်သမျှအကုန် ကုန်သွားပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။ 

ပါဝင်ပစ္စည်းများ

  • စပါဂတီခေါက်ဆွဲအစို - 400g
  • ကြက်ဥ - ၁လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ငရုတ်သီးစိမ်း - ၅တောင့်ခန့် (စားနိုင်သလောက်)
  • ထိုင်းပင်စိမ်းရွက် - ၁၀ရွက်ခန့်
  • ပဲသီး - ၅တောင့်
  • ဘရိုကိုလီ - ၅ခက်ခန့်
  • မုံလာဥနီ - အနေတော် တဥ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ခရုဆီ - ထမင်းစားဇွန်း တဇွန်း
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
ပြင်ဆင်ပုံ
  • စပါဂတီခေါက်ဆွဲကို နူးအောင်ပြုတ်ပြီး ရေအေးနှင့်ဆေးကာ ရေစစ်ပြီး အအေးခံထားပါ
  • ကြက်သွန်ဖြူ နှင့်ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးပြီး အရွက်ခြွေထားပါ
  • ပဲသီးကိုရေဆေးပြီး အနေတော် လှီးထားပါ
  • ဘရိုကိုလီကို ရေဆေးပြီး အနေတော် လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ပန်းပွင့်ပုံလေးတွေ လှီးထားပါ
ခေါက်ဆွဲကြော်ရန်
  • ဒယ်အိုးတလုံးမှာ ဆီကိုအပူပေးပြီး ထောင်းထားသော ကြက်သွန်ဖြူနှင့် ထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်သီးအရောကို ဆီသတ်ပါ
  • ပြီးတာနဲ့ ပဲသီး ဘရိုကိုလီနှင့် မုံလာဥနီကို ထည့်ကြော်ပေးပါ
  • တမိနစ်ခန့် ကြော်ပေးပြီး အနည်းငယ် ကျက်သွားတာနဲ့ ကြက်ဥကို ဖောက်ထည့်ပေးပြီး မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ရေစစ်ထားတဲ့ စပါဂတီခေါက်ဆွဲကို ထည့်ကြော်ပါ
  • တမိနစ်လောက် ကြော်ပြီးတာနဲ့ ငါးငံပြာရည် ပဲငံပြာရည် သကြား ခရုဆီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ပင်စိမ်းရွက်နှင့် ငရုတ်ကောင်းမှုန့်ထည့်မွှေပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ထိုင်းစတိုင်လ် စပါဂတီခေါက်ဆွဲကြော် စပ်စပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Thursday, 19 January 2017

ချဉ်ငံစပ် နန်းကြီးသုပ်











မြန်မာပြည်မှာလို လမ်းထိပ်ထွက်လိုက်တာနဲ့ စားချင်တာလေး ၀ယ်စားလို့ မရလေတော့ အိမ်မှာဘဲ အပင်ပန်းခံပြီး ပြင်ဆင်ရပါတယ် ဒီနေ့တော့ ကြက်သားဟင်းလေးချက် ပဲအရည်သောက်လေးချက်ကာ နန်းကြီးသုပ် သုပ်စားဖြစ်လို့ ပြင်ဆင်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နန်းကြီးမုန့်ဖတ်အစို - တကီလိုခွဲ
  • ဆီ - ဟင်းခတ်ဇွန်းကြီး ၄ဇွန်း (ဆီများများ မကြိုက်ပါက လျှော့ထည့်ပါ)
  • ဆန်ပြားအခြောက် - အနည်းငယ် (အကြွတ်ကြော်ရန်)
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်နီ အလုံးကြီးကြီး - ၃လုံး
  • ကြက်အရိုးအသားတွဲနေသော ရင်ပုံသား  - 500g
  • ဆား - လိုသလောက်
  • ဟင်းချိုမှုန့် - လိုသလောက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း( ကြက်သားဆီသတ်ရန်နှင့် ပဲဟင်းရည်ထဲထည့်ရန်)
  • ချင်း - လက်တဆစ်ခန့်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၄ဇွန်း
  • ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  • ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၅ဇွန်း
  • သံပုရာသီး - နှစ်လုံး
  • ကြက်ဥ - ၆လုံး
ကြက်သားပြုပ်ရန်

  • ကြက်ရင်ပုံသားကို ရေဆေးကာ ဇောက်နက်သော အိုးတလုံးမှာ ထည့်ထားပါ
  • ချင်းကို အခွံခွာပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်ရင်ပုံသား ထည့်ထားသော အိုးထဲမှာ ချင်း ဆား အချိုမှုန့်တို့ကိုထည့်ပြီး ကြက်သားကို အရသာဝင်အောင်နယ်ပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
  • ကြက်သားကျက်ပါက ဆယ်ပြီး အအေးခံပေးပါ
  • ထိုအိုးထဲမှာဘဲ အချိုမှုန့် ဆားနှင့် ကြက်ရိုးများကို ရေမြုပ်အောင်ထည့်ပြီး နူးအောင် ပြုပ်ပေးပါ
  • အအေးခံထားသော ကြက်သားအေးလာပါက အသားကို ခပ်မွမွလေး ဖြစ်အောင် နွှင်ထားပါ
ကြက်သားဟင်း ဆီသတ်ရန် ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာထားပြီး မညက်တညက် ထောင်းထားပါ
  • ကြက်သွန်နီ နှစ်လုံးကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ကာ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ထည့်ကာ မွှေးလာအောင် ဆီသတ်ပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ အသားမွှထားသော ကြက်သားနှင့်ငံပြာရည် ထမင်းစားဇွန်း တဇွန်းခန့်ကို ထည့်မွှေပါ
  • ဆီသတ်ထားသောကြက်သား ဆီပြန်လာပါက မီးပိတ်ထားပေးပါ
အကြွတ်ကြော် ကြော်ရန်
  • ဒယ်အိုးထဲ ဆီများများထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော်လျှော့ပြီးမှ ဆန်ပြားကို နည်းနည်းချင်း ထည့်ကြော်ပါ
  • ကြော်နေစဉ် အကျက်ညီစေရန် အထက်အောက် လှန်ပေးပြီး ပွပြီးကြွတ်လာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
ပဲဟင်းရည်ချက်ရန်
  • ကြက်ရိုးပြုပ်ထားသော ဟင်းရည်အိုးကို နနွင်းမှုန့်ထည့်ပြီး ရေဆူအောင် တည်ပေးထားပါ
  • ပဲအစိမ်းမှုန့်ကို ရေအနည်းနှင့် ပျော်အောင်ဖျော်ထားပါ
  • ပွက်ပွက်ဆူနေသော အရိုးပြုပ်အိုးထဲကို အရည်ဖျော်ထားသော ပဲမှုန့်ကိုထည့်ပြီး မွှေပေးပါ
  • ပဲအနှစ်များ ခဲမသွားစေရန် ပဲအရည်ထည့်ပြီးတာနဲ့ ပဲများဥလာတဲ့အထိ ဆက်တိုက်မွှေပေးပါ
  • ပဲများအနှစ်တက်လာပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ မီးနွေးနွေးနှင့် တည်ထားပေးပါ
ကြက်ဥပြုပ်ရန်
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အအေးခံကာ အခွံခွာထားပါ
လိုအပ်သည်များ ပြင်ထားရန်
  • နန်းကြီးဖတ်ကို ရေနွေးနှင့်ဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်နီ တလုံးကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလှီး၍ ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
  • အကြွတ်ကြော်ကို ပြင်ထားပါ
  • ပဲအကျက်မှုန့်ကြက်သားဟင်း ငံပြာရည်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
  • နံနံပင် သို့မဟုတ် ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်ဥကို အခွံခွာပြီး အနေတော် လှီးထားပါ
စားပွဲပြင်ရန်
  • ပန်းကန်တခုထဲတွင် တပွဲစာ နန်းကြီးမုန့်ဖတ် ကြက်သားဟင်းအဖတ်နှင့်ဟင်းအနှစ် ပဲအကျက်မှုန့် ပါးပါးလှီးထားသော ကြက်သွန်နီ အနည်းငယ် ငရုတ်သီးအလှော်မှုန့် ကြက်ဥ သံပုရာရည်တို့ထည့်နယ်ပြီး နန်းကြီးသုတ်ကို ပြင်ပေးကာ အကြွတ်ကြော် ထည့်ပေး၍ ပဲဟင်းရည် ပူပူလေးနှင့် သုံးဆောင်ရန် ပြင်ပေးပါ






Wednesday, 18 January 2017

အမဲသားကင် မွှေးမွှေးလေး





အမဲသား ၀က်သား အိမ်မှာ မစားရလေတော့ မချက်ဖြစ်တာ များပါတယ် ဒီနေ့တော့ မိတ်ဆွေတွေအတွက် အမဲသားကင်လေး လုပ်ဖြစ်တာနဲ့ ကင်ရတာ လွယ်ကူပြီး စားလို့ကောင်းတဲ့ ကင်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား မိုးခိုသား - တကီလို
  • ခရုဆီ  - ထမင်းစားဇွန်း ၆ဇွန်း       
  • ဟင်းချက်ဝိုင် - ထမင်းစားဇွန်းတဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ပြောင်းဖူး - နှစ်သက်သလောက်
  • ဘရိုကိုလီ - နှစ်သက်သလောက်
  • မုံလာဥနီ - နှစ်သက်သလောက်
  • ပဲစိမ်းသီး - နှစ်သက်သလောက်
  • အာလူး - နှစ်သက်သလောက်
  • သံလွင်ဆီ - အနည်းငယ်
  • ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • အမဲသားကို ကင်မယ်ဆိုရင် နူးညံ့ပြီး ကင်ရလွယ်တဲ့ မိုးခိုသားကို သုံးတာက အကောင်းဆုံးပါ
  • အမဲသားကို ရေဆေးပြီး လက်နှစ်လုံးလောက် အထူ အတုံးကြီးကြီး လှီးပေးပါ
  • ဆား အရသာမှုန့် ခရုဆီ ငရုတ်ကောင်းမှုန့် ဟင်းချက်ဝိုင်တို့ဖြင့် အရသာနယ်ကာ အနည်းဆုံး ၄နာရီလောက် နှပ်ထားပေးပါ
  • မာမာကတော့ ရေခဲသေတ္တာထဲမှာ တညသိပ် ထားပြီးမှ ကင်ပါတယ်
  • ပြောင်းဖူး ဘရိုကိုလီ ပဲစိမ်းသီး မုံလာဥနီတို့ကို ရေဆေးပြီး နူးအောင်ပြုပ်ထားပါ
  • အာလူးကို အခွံခွာပြီး အနေတော် အချောင်းလေးတွေ လှီးထားပါ
  • လှီးထားသော အာလူးချောင်းကို ဆား လက်ဖက်ရည်ဇွန်း သုံးပုံတပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် သင့်သလိုနယ်ပြီး ခနနှပ်ထားပါ
  • ပြီးတာနဲ့ ဆီပူပူမှာ ကြွတ်နေအောင်ကြော်ပြီး ဆီစစ်ထားပါ
အသားကင်ရန်
  • အသားကင်သည့်အိုး သို့မဟုတ် မကပ်သော ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာတာနဲ့ သံလွင်ဆီ အနည်းငယ်သုတ်ပြီး အကင်အိုးပေါ် တင်ပေးပါ
  • ကင်နေစဉ် အသားခြောက်ကပ်ကပ်ကြီး မဖြစ်စေရန် အရသာနယ်ထားသော အနှစ်များကို အသားကင်ပေါ် သုတ်ပေးပါ
  • မကျက်တကျက် အနေတော် ကြိုက်တာဆိုရင်တော့ တဖက်ကို ၂မိနစ်ခွဲလောက် ကင်ပေးပါ
  • နောက်တဖက်လှန်ပြီး ၂မိနစ်ခွဲလောက် ကင်ပေးပြီးပါက ဆယ်ပေးပါ
  • မကျက်တကျက် မစားရဲပါက တဖက်ကို ၄မိနစ်လောက် ကင်ပေးပါ
  • ကင်ပေးပြီးပြီဆိုတာနဲ့ ပန်းကန်ပြား တခုထဲမှာ အမဲသားကင်နှင့်အတူ အသီးအနှံ အာလူးကြော်တို့ကို နှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။

Tuesday, 17 January 2017

ကြက်သား ချိုချဉ်ကြော်


ဟင်းအမယ် ၂မျိုးလောက် ချက်ရမှာ ပျင်းတဲ့နေ့တွေမှာ တမျိုးထဲနဲ့ စားမိန်စေမဲ့ ချိုချဉ်ကြော်လေးဘဲ ကြော်ဖြစ်ပါတယ် ဒီကြော်နည်းလေးက လွယ်ကူပြီး စားလို့ကောင်းတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - ခပ်ကြီးကြီး တခု
  • ကြက်ဥ - ၁လုံး
  • ကြက်သွန်နီ - ၁လုံး
  • ပဲသီး  - ၅တောင့်
  • ပဲစိမ်းသီး - ၁၀တောင့်ခန့်
  • မုံလာဥနီ - အနေတော် ၁ဥ
  • မှို - ၅ပွင့်
  • ဘရိုကိုလီ - ၃ခက်ခန့်
  • နာနာတ်သီး - ၁စိတ်
  • ကြက်သွန်နီ - အနေတော် တဥ
  • ချင်းအမျှင် - အနည်းငယ်
  • ကြက်ဥ - တလုံး
  • ဂျုံမှုန့် - ထမင်းစားဇွန်း ၃ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်မြိတ် - ၃ပင်ခန့်
  • သံပုရာရည်
  • ပဲငံပြာရည်
  • သကြား
  • နာနတ်သီးအရည်
  • နာနတ်သီး
  • ကော်မှုန့်
  • ခရမ်းချဉ်သီးဆော့စ်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - လိုသလောက် 
ချိုချဉ်ဆော့စ်ကျိုရန်
  • ခရမ်းချဉ်သီးဆော့စ် - ထမင်းစားဇွန်း ၃ဇွန်း
  • သကြား ထမင်းစားဇွန်း -၂ဇွန်း
  • သဘာဝနာနတ်သီးအရည် - ထမင်းစားဇွန်း ၃ဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ကော်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • ရေ လက်ဖက်ရည်ပန်းကန်လုံး တလုံးသာသာ
  • ခရမ်းချဉ်သီးဆော့စ် သကြား ရေ ကော်မှုန့် နာနာတ်ရည် ပဲငံပြာရည် သံပုရာရည်နှင့် ဆားတို့ကို ရောပြီးကျိုထားပေပါ

ပြင်ဆင်ပုံ

  • ကြက်သားကို အနေတော် အတုံးလေးတွေတုံးပြီး ဆား ကြက်သားမှုန့်တို့နဲ့  အရသာ နယ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ခွဲပြီး အလွှာတွေကို ခွာပေးထားပါ
  • အခြားအသီး အနှံတွေကိုလည်း ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ 
  • ကြက်သွန်မြိတ်ကို ၁လက္မအရွယ် ပိုင်းဖြတ်ပေးပါ
  • ချင်းကိုအခွံခွာပြီး မျှင်မျှင်လေးတွေ လှီးပေးပါ
  • အရသာနယ်ထားတဲ့ ကြက်သားကို ကြေအောင်ခေါက်ထားတဲ့ ကြက်ဥအရည်ထဲနှစ်ပြီး ဂျုံမှုန့်တွေထဲ ကပ်လူးပေးပါ
  • ဆီစားပွဲတင်ဇွန်း ၃ဇွန်းခန့် ဒယ်အိုးထဲထည့်ကာ အပူပေးပါ
  • ဆီပူပူမှာ ဂျုံမှုန့်လူးထားသော ကြက်သားကို ရွှေဝါရောင်ရအောင် ကြော်ယူပြီး ဆီစစ်ထားပါ
  • အခြားဒယ်အိုး တလုံးကို ဆီထမင်းစားဇွန်း ၄ဇွန်းလောက်ထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ချင်းမျှင်လေးတွေကို ဆီသတ်ပြီး အသီးအရွက်တွေကို ထည့်ကြော်ပါ
  • အနည်းငယ် နွမ်းသွားလျှင် ဆယ်ယူထားတဲ့ ကြက်သားကြော်တွေ ထည့်ပြီးကြော်ပေးပါ
  • ပြီးတာနဲ့ ကျိုထားသော ချိုချဉ်ဆော့စ်ရည် လောင်းထည့်ပေးပါ
  • အသီးအရွက်များ အရမ်းမနူးခင် ကြက်သွန်မြိတ်လေး ဖြူးပေးပြီးပါက ကြက်သားချိုချဉ်ကြော်လေးကို စားပွဲပြင်ပေးလို့ ရပါပြီ။

Monday, 16 January 2017

ထိုင်းစတိုင်လ် ပုဇွန်ကင်မွှေးမွှေးလေး






ဒီနေ့တော့ ပုဇွန်ကင် မွှေးမွှေးလေး ကင်စားကြပါတယ် ကင်နည်းတွေ ပေါင်းစုံရှိပေမဲ့ ထိုင်းရိုးရာစတိုင်လ် ကင်နည်းနဲ့ ကင်ဖြစ်လို့ ကင်နည်းလေး မျှဝေလိုက်ပါတယ်။

ဝင်ပစ္စည်းများ

  • ပုဇွန်ထုတ် -  အကောင်ကြီးကြီး ၅ကောင်
  • တောရှောက်ခါးရွက် - ၂ရွက်
  • ချင်း - ခပ်သေးသေး ၂ပြား
  • ငရုတ်သီးစိမ်း - အနီရောင် ၂တောင့်
  • ပူစီနံ - အနည်းငယ်
  • သံပုရည် - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း၂ဇွန်း
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပုဇွန်ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
ပြင်ဆင်ပုံ
  • ပုဇွန်ထုတ်များကို ရေဆေးပြီး ကြောဖက်မှခွဲကာ အမည်းကြောင်းကို ထုတ်ပေးထားပါ
  • ကြောခွဲထားသော ပုဇွန်များကို ဇလုံတလုံးထဲထည့်ပြီး တောရှောက်ခါးရွက် ဆား ငရုတ်ကောင်းမှုန့် ခနောကြက်သားမှုန့်နှင့် ဆီအနည်းငယ်ထည့် အရသာနယ်ကာ နာရီဝက်လောက် နှပ်ထားပါ
  • ပုဇွန်ကင်မယ်ဆိုရင်တော့ မီးသွေးမီးဖို သို့မဟုတ် ထင်းမီးဖိုက အကောင်းဆုံပါ
  • မီးသွေးမီးဖိုနှင့် ထင်းမီးဖို အဆင်သင့်မရှိပါက grill pan ကို အပူပေးပြီး ကင်ပေးပါ
  • ပုဇွန်အကွေး ငါးအနွေးဖြစ်လို့ ပုဇွန်ကို အကြာကြီး ကင်စရာမလိုပါ အရောင်ပြောင်းပြီး မွှေးလာတာနဲ့ ရပါပြီ
အချဉ်စပ်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးပါ
  • ခရမ်းချဉ်သီးကို ရေမြုပ်အောင်ထည့်ပြီး အခွံကွာသွားတဲ့အထိ ပြုပ်ကာ အခွံခွာထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • စပါးလင်ကို နုတဲ့နေရာကိုယူပြီး ရေဆေးကာ  ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ထက်ဝက်ခြမ်းပြီး အရည်ညှစ်ထားပါ
  • ပူစီနံကို ရေဆေးထားပါ
  • ပြုပ်ထားသော ခရမ်းချဉ်သီးကို ချေပေးပြီး ဆား ငံပြာရည် သကြား အချိုမှုန့်တို့ကိုထည့်ပြီး အထက်ပါ ပါဝင်ပစ္စည်းအားလုံးကို ဇလုံထဲထည့်ကာ သမအောင် ရောမွှေပေးပါ
  • ပုဇွန်ကင်များကို ပန်းကန်ထဲ ပြောင်းထည့်ကာ အချဉ်ရည် ချဉ်ငံစပ်လေးနှင့် တွဲဘက်ပြီး စားသုံးရန် ပြင်ပေးပါ

Sunday, 15 January 2017

ကြက်သား ဘာလချောင်ကြော်



အိမ်အလုပ်လေးတွေနဲ့ လုံးလည်ချာလည် လိုက်နေချိန်မှာ မိသားစု ထမင်းဝိုင်းလေးအတွက် အချိန်ပေးရတာလေးတွေ ရှိတတ်ကြပါတယ် အဲဒီလို အချိန်မျိုးမှာ အချိန်ရတုံးလေး ထမင်းဝိုင်းမှာ မပါမဖြစ်တဲ့ ဘာလချောင်ကြော်လေး တမယ်ကို ကရောသောပါး ကြော်ရပါတယ်။

ဒါကြောင့်မို့လို့ ထမင်းစားမိန်စေမဲ့ ကြက်သားအမျှင် ဘာလချောင် အကြွတ်ကြော်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြက်ရင်ပုံသား ခပ်ကြီးကြီး - တခု
  • ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - စားပွဲတင်ဇွန်းကြီး ၃ဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ပါးပါးလှီးထားသောကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ဆား နနွင်းမှုန့် အရသာမှုန့်ထည့်ကာနယ်ပေးပြီး ရေအနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
  • ရေခမ်းပြီး ကြက်သားနူးပါက ကြက်သားကို အအေးခံထားပါ
  • ကြက်သားအေးသွားပါက အမျှင်လေးများရအောင် ငရုတ်ကျည်ပွေ့နှင့်ထုကာ မွှထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
ကြက်သားဘာလချောင် ကြော်နည်း
  • မီးအနေတော်နှင့် ဆီကိုအပူပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်ကို အရင်ထဲ့ပြီးမှ ကြက်သွန်နီကို ကြွတ်သွားတဲ့ထိ ကြော်ပေးပါ
  • ကြက်သွန်နီ ကြွတ်လာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  • ထိုဆီထဲမှာဘဲ အသားမျှင်လေးများရအောင် မွှာထားသော ကြက်သားကို ကြွတ်လာတဲ့အထိ ကြော်ပေးပါ
  • ကြော်နေသော ကြက်သားများ ကြွတ်လာပါက ဆယ်ပြီးဆီစစ်ထားပေးပါ
  • ပိုနေသော ဆီများကို ခပ်ထုတ်ပြီး အိုးထဲမှာ ဆီအနည်းငယ်ချန်ကာ ငရုတ်သီးမှုန့်နှင့် ငံပြာရည်ကို မွှေးလာတဲ့ထိကြော်ပေးပါ
  • ငရုတ်သီးမှုန့် မွှေးလာတာနဲ့ အအေးခံပေးထားပါ
  • ကြက်သားကြော်ရော ကြက်သွန်ကြော်ပါ အေးသွားပါက ငရုတ်သီးကြော်ထဲမှာထည့်ပြီး မွှေပေးပါ 
  • အားလုံးသမသွားပါက ကြက်သားဘာလချောင်ကြော် မွှေးမွှေးစပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။


Saturday, 14 January 2017

ထိုင်းရိုးရာ ပုစွန်ချဉ်စပ်ပာင်းရည်



ရာသီဥတုက ပူတယ်လေ ဆယ်နွေကဲ ဆိုသလိုပါဘဲ ပူလိုက်တာမှ လူတကိုယ်လုံး အရည်ပျော်တော့မဲ့ မတတ်ပါဘဲ ဒီတော့လဲ အစားအသောက်တွေက ပျက်လာပြီ ဒါပေမဲ့ စိတ်ထဲမှာ ချဉ်ငံလေးတော့ စားချင်လာမိတယ်။

ဒါကြောင့်မို့ တ၀မ်းတခါး နေသာထိုင်သာ ရှိဖို့အရေး  စားချင်မိတဲ့ ချဉ်ချဉ်စပ်စပ်လေးတွေ စားရလေအောင် လေအေးပေးစက်လေးဖွင့်လို့  ချိုချဉ်ငံစပ် တုန်ယမ်းဟင်းရည်လေး ချက်ဖြစ်လိုက်ပါတော့တယ် ဒါကြောင့်မို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ


  • ပုဇွန်ထုတ် အကောင်ကြီးကြီး ၁၅ကောင်
  • ကြက်ရိုး - ၃ဆယ်သားခန့်
  • ကြက်ရိုးပြုတ် -၂လီတာ
  • စပါးလင် - ၃ပင် 
  • တောရှောက်ခါးရွက် - ၄ရွက်
  • ပဒဲကော - နှစ်လက်မခန့် 
  • ငရုတ်စိမ်းတောင့် အနီရောင် -၂ တောင့် 
  • ကညွှတ် - ၅ပင်
  • ငါးငံပြာရည် - ထမင်းစားဇွန်း၂ ဇွန်း 
  • ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • သကြား - ထမင်းစားဇွန်း တဇွန်းခွဲ
  • ကောက်ရိုးမှို  - ၅ ခု 
  • ဂဏန်းအသား - အနည်းငယ်
  • ပြုပ်ပြီးသား ဆန်ပြားဖတ် - တရုတ်ဟင်းပြင်ပန်းကန်အလတ် တလုံးစာ
  • သံပုရာရည်  - ထမင်းစားဇွန်း၂ဇွန်း
  • ရှမ်းနံနံနှင့် နံနံပင် - အနည်းငယ်
  • အုန်းနို့ - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • တုမ်ယမ်းပာင်းအနှစ် - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်နီ - အနေတော် ၁ လုံး 
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၁လုံး 
  • ဆား - လိုသလောက်
  • ငါးငံပြာရည် - လိုသလောက်
ပြင်ဆင်ပုံ
  • ကြက်ရိုးကို ရေဆေးပြီး ရေများများထည့်ပြီး ၂လီတာလောက်ကျန်အောင် ပြုပ်ပေးပြီး ပြုပ်ရည်ကို ပြင်ထားပါ
  • စပါးလင်ကို အပင်လိုက်ရေဆေးပြီး ခပ်စောင်းစောင်း ခပ်ထူထူလေး လှီးထားပါ
  • ပဒဲကောကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးထားပါ
  • ကောက်ရိုးမှိုကို ရေဆေးပြီး ထက်ခြမ်းလှီးထားပါ
  • ကညွှတ်ကိုလဲ ရေဆေးပြီး အနေတော် လှီးထားပါ
  • ပုဇွန်ကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ထားပါ
  • ရှမ်းနံနံနှင့်ပင်စိမ်းကို ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ၈စိတ် စိတ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ၈စိတ် စိတ်ထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ

ပြင်ဆင်ပုံ


  • ဇောက်နက်သော အိုးတလုံးထဲမှာ ကြက်သားပြုတ်ရည်ထည့်ပါ 
  • ထိုအိုးထဲကို စပါးလင် ပဒဲကော တုမ်ယမ်းပာင်းအနှစ် ငရုတ်သီးစိမ်း အနီတောင့် တောရှောက်ခါးရွက် ကြက်သွန်နီတို့ကို ထည့်ကာ ဆူပွက်အောင် တည်ပေးပါ
  • ဟင်းရည်ဆူလာတာနဲ့ ငါးငံပြာရည် သံပုရာရည် ပာင်းခတ်မှုန့် သကြားတို့နှင့် ချဉ်စပ်အရသာရအောင် ပြင်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ဂဏန်းသား ကညွတ် ပုစွန် ကောက်ရိုးမှိုတို့ကို ထည့်ပေးပါ
  • လိုချင်သော အရသာ ရလာတာနဲ့ အုန်းနို့ထည့်ပေးပြီး ဟင်းအိုးဆူအောင် တည်ပေးပါ
  • စားခါနီး အချိန်ကျမှ ပြုပ်ထားသော ဆန်ပြားဖတ် ခရမ်းချဉ်သီး ရှမ်းနံနံ နံနံပင်တို့ထည့်ကာ ဟင်းပွဲကို ပြင်ပေးပါ