Tuesday 24 January 2017

ရွှေကြည် ဆနွင်းမကင်း



ထမင်းစားပြီးအခါ အချိုပွဲလေး ပြင်ရအောင်လို့ ဒီတခါတော့ ရွှေကြည်ဆနွင်းလေး လုပ်ဖြစ်ပါတယ် ပင်ပင်ပန်းပန်း လုပ်ရတာ မဟုတ်တဲ့အတွက် အားလပ်ရက်လေးမှာ ရွှေကြည်ဆနွင်းမကင်းလေး လုပ်စားကြည့်ရအောင် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ရွှေကြည်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  2. သကြား - ထမင်းစားဇွန်း ၅ဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပါ)
  3. ထောပတ် - 75 ml
  4. ဆီ - 80 ml
  5. အုန်းနို့ - 400 ml 
  6. ကြက်ဥ - သုံးလုံး
  7. ဘိန်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ရေ - 200 ml
ပြင်ဆင်ပုံ
  • ရွှေကြည်မှုန့်များကို အိုးအသားထူသော ဒယ်အိုးထဲမှာထည့်ပြီး ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးကာ အအေးခံပေးပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥများကို အနှစ်နှင့်အကာ သမသွားအောင် ခေါက်ထားပါ
  • ထောပါတ်ကို အပူပေးပြီး ဖျော်ထားပါ
  • ပါဝင်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲမှာ လှော်ထားသော ရွှေကြည်မှုန့် ကြက်ဥ အုန်းနို့ သကြား ဆား ရေ ထောပါတ် ဆီ အားလုံးတို့ကို ထည့်ပြီး အကုန်နှံ့အောင် ရောမွှေပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ မီးဖိုပေါ်တင်ကာ တည်ပေးပါ
  • ရွှေကြည်များ အိုးမှာ မကပ်စေရန် အဆက်မပြတ် မွှေပေးပါ
  • ရွှေကြည်များ ပြစ်လာတာနဲ့ ရွှေကြည်ဖုတ်မည့် ဘန်းထဲကို ပြောင်းထည့်ပေးပါ
  • ကျိုထားသော ရွှေကြည်များ မုန့်ဖုတ်မည့် ဘန်းထဲကိုထည့် ပြီးတာနဲ့ သစ်သားယောင်းမဖြင့် ဖိသိပ်ပေးပါ
  • ပြီးတာနဲ့ ရွှေကြည်ပေါ်မှာ ဘိန်းစေ့များ ဖြူးပေးပါ
  • မုန့်မဖုတ်ခင် oven ကို 180°c ဖြင့် ၁၅မိနစ်ခန့် ကြိုပြီးဖွင့်ပေးထားပါ
  • မီးဖိုပူလာတာနဲ့ ရွှေကြည်ထည့်ထားသော ဗန်းကို ovenထဲမှာ မိနစ်၂၀ခန့် ထည့်ဖုတ်ပေးပါ
  • မိနစ်၂၀ သို့မဟုတ် ၂၅မိနစ် ပြည့်တာနဲ့ မီးပိတ်ပေးပြီး ရွှေကြည်ဗန်းကို မထုတ်သေးဘဲ oven ထဲမှာ ဆယ်မိနစ်လောက် ထားပြီးမှ ထုတ်ပေးပြီး အအေးခံထားပါ
  • ရွှေကြည်ဗန်း အေးတော့မှ ရွှေကြည်များကို မိမိနှစ်သက်သည့် ပုံစံလေးများ လှီးပေးကာ စားသုံးနိူင်ပါပြီ။

No comments:

Post a Comment