Saturday 21 January 2017

ကြက်သားနှမ်းကပ် အစိမ်းကြော် (တရုတ်စတိုင်လ်)


ဒီနေ့တော့ ထမင်းမြိန်စေမဲ့ တရုတ်ဟင်းလျှာ စားဖွယ်တစ်မျိုးဖြစ်တဲ့ ကြက်သားနှမ်းကပ်ကြော်လေး ကြော်ဖြစ်လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - ခပ်ကြီးကြီး တစ်ခု
  2. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  3. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သားအရသာနယ်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အသီးအရွက်နှင့်ရောကြော်ရန်)
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ကြက်သွန်နီ - အနေတော် တစ်လုံး
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  10. ဘိုစားပဲ - ဆယ့်ငါးတောင့်
  11. မုံလာဥနီ - အနေတော် တစ်ဥ
  12. ပဲပင်ပေါက် - အနည်းငယ်
  13. နှမ်းဖြူ - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ဂျုံမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  15. ကြက်ဥ - တစ်လုံး
  16. ဆီ - လိုသလောက် သုံးပေးပါ (ကြက်သားကြော်ရန်)
  17. ဆီ - ထမင်းစားဇွန်း ငါးဇွန်း ( အသီးအရွက်နှင့် ရောပြီးကြော်ရန်)
  18. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး လက်တစ်လုံးလောက် အနေအထား ရှည်ရှည်လေးတွေ လှီးထားပါ
  • လှီးပြီးသော ကြက်သားကို ဆား အရသာမှုန့် ခရုဆီတို့နှင့် နယ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥကို ခလောက်ထားပါ
  • နှမ်းကို ပန်းကန်တစ်ခုထဲမှာ ထည့်ထားပါ
  • ဂျုံကိုလဲ ပန်းကန်တစ်ခုထဲမှာ ထည့်ထားပါ
  • အရသာ နယ်ထားသော ကြက်သားကို ခလောက်ထားသော ကြက်ဥထဲမှာ နှစ်ပေးပြီး ပြန်ဆယ်ပေးကာ  နှမ်း ဂျုံမှုန့်တို့နှင့် နယ်ထားပါ
  • ဆီကိုအပူပေးပြီး အရသာ နယ်ထားသော ကြက်သားကို ရွှေဝါရောင် ရသည်အထိ ကြော်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ပြီး အဖတ်လေးများ ရအောင် ခွာထားပါ
  • ပဲသီးကို အကြောသင်ပြီး ရေဆေးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ခပ်ပါးပါး အမျှင်လေးတွေ လှီးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို မွှေးသွားတယ် ဆိုရုံလေး ထည့်ကြော်လိုက်ပါ
  • ပြီးတာနဲ့ အသီးအရွက်များကိုထည့်ပြီး နှစ်မိနစ်လောက် ကြော်ပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းတာနဲ့ ကြော်ထားသော ကြက်သားကြော်များကို ထည့်ကြော်ပေးပါ
  • ကြက်သားကြော် ထည့်ပြီးတာနဲ့ ပဲငံပြာရည် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် နှမ်းဆီတို့ထည့်ပြီး မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်သားနှမ်းကပ်ကြော် ပူပူလေးကို စားသုံးရန် ပြင်ပေးပါ။

No comments:

Post a Comment