Thursday 12 January 2017

ဘာလချောင်ကြော် စပ်စပ်လေး





ဘာလချောင်ကြော်တို့ ငါးပိချက်တို့ဆိုတာ လူတကိုယ် အကြိုက်တမျိုးဆိုသလို နှစ်သက်ရာ နည်းလေးတွေနဲ့ ချက်တတ်ကြပါတယ် မာမာကတော့ ဒီနေ့ ပုဇွန်ငါးပိ ပုစွန်​​ခြောက်​တို့နဲ့ ငါးပိဘာလ​ချောင်​​ကြော်​ ခပ်စပ်စပ်လေး ကြော်ဖြစ်လို့ ထမင်းစားလို့ မိန်ရလေအောင် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုစွန်​​ခြောက် - ၁၀ကျပ်​သား
  2. ပုဇွန်ငါးပိ - ၁၀ကျပ်​သား
  3. ကြက်​သွန်​နီ - အလုံးကြီးကြီး ၃လုံး
  4. ကြက်​သွန်​ဖြူ - နှစ်သက်သလောက်
  5. ငရုတ်​သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း ၃ဇွန်း
  6. ငရုတ်​သီးအ​လှော်​မှုန့်​  - ထမင်းစားဇွန်း ၂ဇွန်း
  7. မန်​ကျည်းသီးမှည့်​ - အနည်းငယ်
  8. ဆီ ဟင်းခတ်ဇွန်းကြီး - ၂ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  10. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ပုံ
  • ပုစွန်​​ခြောက်​ကို အမှုန့်​ကြိတ်​ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေစိမ်ထားပါ
  • ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဒယ်​အိုးတလုံးမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး ဆီကိုအပူ​ပေးပါ
  • ဆီပူလာတာနဲ့ ကြက်​သွန်​နီကို နွမ်းသွားအောင် ထည့်ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ပုဇွန်ခြောက်မှုန့်နှင့် ပုဇွန်ငါးပိကို ထည့်မွှေပါ
  • ပုဇွန်ငါးပိနှင့် ပုဇွန်ခြောက်များ အမြှုပ်ထလာတာနဲ့ ငရုတ်သီးလုံးခြမ်းခွဲကို ထည့်ကြော်ပေးပါ
  • ငါးပိကြော်များ မွလာတာနဲ့ငါးငံပြာရည်​ ဟင်းခတ်​မှုန့်​နှင့် မန်​ကျည်းသီးမှည့်​ရည်​တို့ထည့်ကာ မွှေပေးပါ
  • ငါးပိကြော် အနည်းငယ်​ ခြောက်​လာပြီဆိုတော့မှ ငရုတ်​သီး အလှော်​မှုန့်​ ထည့်​ကာ မွှေပေးပါ
  • ငါးပိကြော် မွှေးလာပြီး  မွမွလေး ဖြစ်လာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်သွန်ဖြူ ထည့်မွှေပေးကာ မီးပိတ်ပေးပါ
  • ချဉ်ငံစပ်ပြီး မွှေးနေတဲ့ ပုဇွန်ခြောက် ငါးပိဘာလချောင်ကို နှစ်သက်စွာ စားသုံးဖို့ ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment