Thursday, 19 January 2017

ချဉ်ငံစပ် နန်းကြီးသုပ်











မြန်မာပြည်မှာလို လမ်းထိပ်ထွက်လိုက်တာနဲ့ စားချင်တာလေး ၀ယ်စားလို့ မရလေတော့ အိမ်မှာဘဲ အပင်ပန်းခံပြီး ပြင်ဆင်ရပါတယ် ဒီနေ့တော့ ကြက်သားဟင်းလေးချက် ပဲအရည်သောက်လေးချက်ကာ နန်းကြီးသုပ် သုပ်စားဖြစ်လို့ ပြင်ဆင်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နန်းကြီးမုန့်ဖတ်အစို - တကီလိုခွဲ
  • ဆီ - ဟင်းခတ်ဇွန်းကြီး ၄ဇွန်း (ဆီများများ မကြိုက်ပါက လျှော့ထည့်ပါ)
  • ဆန်ပြားအခြောက် - အနည်းငယ် (အကြွတ်ကြော်ရန်)
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်နီ အလုံးကြီးကြီး - ၃လုံး
  • ကြက်အရိုးအသားတွဲနေသော ရင်ပုံသား  - 500g
  • ဆား - လိုသလောက်
  • ဟင်းချိုမှုန့် - လိုသလောက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း( ကြက်သားဆီသတ်ရန်နှင့် ပဲဟင်းရည်ထဲထည့်ရန်)
  • ချင်း - လက်တဆစ်ခန့်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၄ဇွန်း
  • ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  • ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၅ဇွန်း
  • သံပုရာသီး - နှစ်လုံး
  • ကြက်ဥ - ၆လုံး
ကြက်သားပြုပ်ရန်

  • ကြက်ရင်ပုံသားကို ရေဆေးကာ ဇောက်နက်သော အိုးတလုံးမှာ ထည့်ထားပါ
  • ချင်းကို အခွံခွာပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်ရင်ပုံသား ထည့်ထားသော အိုးထဲမှာ ချင်း ဆား အချိုမှုန့်တို့ကိုထည့်ပြီး ကြက်သားကို အရသာဝင်အောင်နယ်ပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
  • ကြက်သားကျက်ပါက ဆယ်ပြီး အအေးခံပေးပါ
  • ထိုအိုးထဲမှာဘဲ အချိုမှုန့် ဆားနှင့် ကြက်ရိုးများကို ရေမြုပ်အောင်ထည့်ပြီး နူးအောင် ပြုပ်ပေးပါ
  • အအေးခံထားသော ကြက်သားအေးလာပါက အသားကို ခပ်မွမွလေး ဖြစ်အောင် နွှင်ထားပါ
ကြက်သားဟင်း ဆီသတ်ရန် ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာထားပြီး မညက်တညက် ထောင်းထားပါ
  • ကြက်သွန်နီ နှစ်လုံးကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ကာ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ထည့်ကာ မွှေးလာအောင် ဆီသတ်ပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ အသားမွှထားသော ကြက်သားနှင့်ငံပြာရည် ထမင်းစားဇွန်း တဇွန်းခန့်ကို ထည့်မွှေပါ
  • ဆီသတ်ထားသောကြက်သား ဆီပြန်လာပါက မီးပိတ်ထားပေးပါ
အကြွတ်ကြော် ကြော်ရန်
  • ဒယ်အိုးထဲ ဆီများများထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော်လျှော့ပြီးမှ ဆန်ပြားကို နည်းနည်းချင်း ထည့်ကြော်ပါ
  • ကြော်နေစဉ် အကျက်ညီစေရန် အထက်အောက် လှန်ပေးပြီး ပွပြီးကြွတ်လာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
ပဲဟင်းရည်ချက်ရန်
  • ကြက်ရိုးပြုပ်ထားသော ဟင်းရည်အိုးကို နနွင်းမှုန့်ထည့်ပြီး ရေဆူအောင် တည်ပေးထားပါ
  • ပဲအစိမ်းမှုန့်ကို ရေအနည်းနှင့် ပျော်အောင်ဖျော်ထားပါ
  • ပွက်ပွက်ဆူနေသော အရိုးပြုပ်အိုးထဲကို အရည်ဖျော်ထားသော ပဲမှုန့်ကိုထည့်ပြီး မွှေပေးပါ
  • ပဲအနှစ်များ ခဲမသွားစေရန် ပဲအရည်ထည့်ပြီးတာနဲ့ ပဲများဥလာတဲ့အထိ ဆက်တိုက်မွှေပေးပါ
  • ပဲများအနှစ်တက်လာပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ မီးနွေးနွေးနှင့် တည်ထားပေးပါ
ကြက်ဥပြုပ်ရန်
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အအေးခံကာ အခွံခွာထားပါ
လိုအပ်သည်များ ပြင်ထားရန်
  • နန်းကြီးဖတ်ကို ရေနွေးနှင့်ဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်နီ တလုံးကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလှီး၍ ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
  • အကြွတ်ကြော်ကို ပြင်ထားပါ
  • ပဲအကျက်မှုန့်ကြက်သားဟင်း ငံပြာရည်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
  • နံနံပင် သို့မဟုတ် ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်ဥကို အခွံခွာပြီး အနေတော် လှီးထားပါ
စားပွဲပြင်ရန်
  • ပန်းကန်တခုထဲတွင် တပွဲစာ နန်းကြီးမုန့်ဖတ် ကြက်သားဟင်းအဖတ်နှင့်ဟင်းအနှစ် ပဲအကျက်မှုန့် ပါးပါးလှီးထားသော ကြက်သွန်နီ အနည်းငယ် ငရုတ်သီးအလှော်မှုန့် ကြက်ဥ သံပုရာရည်တို့ထည့်နယ်ပြီး နန်းကြီးသုတ်ကို ပြင်ပေးကာ အကြွတ်ကြော် ထည့်ပေး၍ ပဲဟင်းရည် ပူပူလေးနှင့် သုံးဆောင်ရန် ပြင်ပေးပါ






No comments:

Post a Comment