Sunday, 15 January 2017

ကြက်သား ဘာလချောင်ကြော်



အိမ်အလုပ်လေးတွေနဲ့ လုံးလည်ချာလည် လိုက်နေချိန်မှာ မိသားစု ထမင်းဝိုင်းလေးအတွက် အချိန်ပေးရတာလေးတွေ ရှိတတ်ကြပါတယ် အဲဒီလို အချိန်မျိုးမှာ အချိန်ရတုံးလေး ထမင်းဝိုင်းမှာ မပါမဖြစ်တဲ့ ဘာလချောင်ကြော်လေး တမယ်ကို ကရောသောပါး ကြော်ရပါတယ်။

ဒါကြောင့်မို့လို့ ထမင်းစားမိန်စေမဲ့ ကြက်သားအမျှင် ဘာလချောင် အကြွတ်ကြော်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြက်ရင်ပုံသား ခပ်ကြီးကြီး - တခု
  • ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - စားပွဲတင်ဇွန်းကြီး ၃ဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ပါးပါးလှီးထားသောကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ဆား နနွင်းမှုန့် အရသာမှုန့်ထည့်ကာနယ်ပေးပြီး ရေအနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
  • ရေခမ်းပြီး ကြက်သားနူးပါက ကြက်သားကို အအေးခံထားပါ
  • ကြက်သားအေးသွားပါက အမျှင်လေးများရအောင် ငရုတ်ကျည်ပွေ့နှင့်ထုကာ မွှထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
ကြက်သားဘာလချောင် ကြော်နည်း
  • မီးအနေတော်နှင့် ဆီကိုအပူပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်ကို အရင်ထဲ့ပြီးမှ ကြက်သွန်နီကို ကြွတ်သွားတဲ့ထိ ကြော်ပေးပါ
  • ကြက်သွန်နီ ကြွတ်လာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  • ထိုဆီထဲမှာဘဲ အသားမျှင်လေးများရအောင် မွှာထားသော ကြက်သားကို ကြွတ်လာတဲ့အထိ ကြော်ပေးပါ
  • ကြော်နေသော ကြက်သားများ ကြွတ်လာပါက ဆယ်ပြီးဆီစစ်ထားပေးပါ
  • ပိုနေသော ဆီများကို ခပ်ထုတ်ပြီး အိုးထဲမှာ ဆီအနည်းငယ်ချန်ကာ ငရုတ်သီးမှုန့်နှင့် ငံပြာရည်ကို မွှေးလာတဲ့ထိကြော်ပေးပါ
  • ငရုတ်သီးမှုန့် မွှေးလာတာနဲ့ အအေးခံပေးထားပါ
  • ကြက်သားကြော်ရော ကြက်သွန်ကြော်ပါ အေးသွားပါက ငရုတ်သီးကြော်ထဲမှာထည့်ပြီး မွှေပေးပါ 
  • အားလုံးသမသွားပါက ကြက်သားဘာလချောင်ကြော် မွှေးမွှေးစပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment