Saturday 28 January 2017

လက်ပံပြား ကြက်ကြော်


လက်ပံပြားကြက်ကြော် လက်ပံပြားကြက်ကြော်နဲ့ နံမည်ကြီးလွန်းပေမဲ့ တစ်ခါမှတော့ မစားခဲ့ဖူးတာ အမှန်ပါဘဲ ကြော်နည်းလေး လာမေးတိုင်းလဲ လေ့လာသိရသလောက်က မသေချာမှာ ဆိုးတာနဲ့ ကိုယ်ကိုတိုင် မစမ်းရဲခဲ့တဲ့ အဖြစ်ပါ။

ဒီနေ့တော့ မိတ်ဆွေတစ်ယောက် ပြောတဲ့နည်းအတိုင်း စမ်းကြော်ကြည့်တာ စားလို့အရမ်းကောင်းတဲ့အတွက် လက်ပံပြားကြက်ကြော် အစစ်မဟုတ်တဲ့ အော်စီကြက်ကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

လက်​ပံပြားကြက်​​ကြော်​က အဓိက အိမ်ကြက် ဗမာကြက်နဲ့ကြော်ကြပြီး ကြော်မဲ့ကြက်က လေးဆယ်သား ငါးဆယ်သား အကောင်လောက်နဲ့ ကြော်တာအကောင်းဆုံးပါ အကောင်ကြီးရင် ကြော်ပြီးတဲ့အခါ မာသွားတတ်ပါတယ် ဗမာကြက် မရှိလေတော့ အော်ဂဲနစ် ကြက်နဲ့ကြော်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. အော်ဂဲနစ်ကြက် သို့မဟုတ် ဗမာကြက် - တကောင် (ငါးဆယ်သားခန့်)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ချင်း - တစ်လက်မခန့်
  6. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆီ - တစ်လီတာခန့်

ပြင်ဆင်ပုံ
  • အမွှေးနူတ်ပြီးသား ကြက်အကောင်လိုက်ကို မလိုတာတွေဖယ်ပြီး ခြောက်တုံးတုံးပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင်ထောင်းပြီး အရည်ကိုဘဲ ယူပေးပါ
  • ခုတ်ပြီးသား ကြက်သားများနှင့် ဆား သကြား ချင်းရည် အရသာမှုန့်နှင့် နနွင်းမှုန့်တို့ကို ဇလုံတစ်ခုထဲထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • ကြော်တဲ့အချိန်မှာ အရောင်လှစေရန် သကြားသုံးတာ ဖြစ်တဲ့အတွက် သကြားအရမ်းမများဖို့ သတိထားပြီး ထည့်နယ်ပါ
  • အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဇောက်နက်ပြီး မကပ်သော အိုးတစ်လုံးထဲမှာ အရသာ နယ်ထားသော ကြက်သားများကို ထည့်ပေးပြီး ရေမြုပ်တယ်ဆိုရုံလေး ထည့်​ပေးကာ ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ ဇောက်နက်သော ဒယ်​အိုးတစ်လုံးမှာ ဆီတစ်လီတာခန့်​ကို ထည့်ပေးပြီး အပူ​ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သားကို ထည့်ပေးပြီး ရွှေဝါ​ရောင်​​လေး ရလာတဲ့အထိ ကြော်​ပေးပြီး ဆီစစ်​ပေးပါ
  • ဆီစစ်သွားပြီ ဆိုတာနဲ့ လက်ပံပြား ကြက်ကြော်ကို အရသာရှိစွာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment