Friday, 20 January 2017

ထိုင်းစတိုင်လ် ကြက်ဥနှင့် စပါဂတီခေါက်ဆွဲအစပ်ကြော်


စပါကတီ ခေါက်ဆွဲတွေ ၀ယ်ထားပြီး ဘိုဆန်ဆန်တွေ လုပ်စားပြန်တော့ ပေါ့လျှံလျှံတွေတွေနဲ့စားလို့ကမကောင်း တယောက် တဇွန်းလောက်ဘဲ စားကြပြီး ကိုယ်ဘဲကျန်ဖြတ် လုပ်ရပြန်ရော အဲဒါနဲ့ဘဲ ဒီတခါတော့ စပါကတီခေါက်ဆွဲကို ထိုင်းစတိုင်လ် အစပ်လေး ကြော်ဖြစ်သွားလေတော့ ကြော်သမျှအကုန် ကုန်သွားပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။ 

ပါဝင်ပစ္စည်းများ

  • စပါဂတီခေါက်ဆွဲအစို - 400g
  • ကြက်ဥ - ၁လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ငရုတ်သီးစိမ်း - ၅တောင့်ခန့် (စားနိုင်သလောက်)
  • ထိုင်းပင်စိမ်းရွက် - ၁၀ရွက်ခန့်
  • ပဲသီး - ၅တောင့်
  • ဘရိုကိုလီ - ၅ခက်ခန့်
  • မုံလာဥနီ - အနေတော် တဥ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ခရုဆီ - ထမင်းစားဇွန်း တဇွန်း
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
ပြင်ဆင်ပုံ
  • စပါဂတီခေါက်ဆွဲကို နူးအောင်ပြုတ်ပြီး ရေအေးနှင့်ဆေးကာ ရေစစ်ပြီး အအေးခံထားပါ
  • ကြက်သွန်ဖြူ နှင့်ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးပြီး အရွက်ခြွေထားပါ
  • ပဲသီးကိုရေဆေးပြီး အနေတော် လှီးထားပါ
  • ဘရိုကိုလီကို ရေဆေးပြီး အနေတော် လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ပန်းပွင့်ပုံလေးတွေ လှီးထားပါ
ခေါက်ဆွဲကြော်ရန်
  • ဒယ်အိုးတလုံးမှာ ဆီကိုအပူပေးပြီး ထောင်းထားသော ကြက်သွန်ဖြူနှင့် ထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်သီးအရောကို ဆီသတ်ပါ
  • ပြီးတာနဲ့ ပဲသီး ဘရိုကိုလီနှင့် မုံလာဥနီကို ထည့်ကြော်ပေးပါ
  • တမိနစ်ခန့် ကြော်ပေးပြီး အနည်းငယ် ကျက်သွားတာနဲ့ ကြက်ဥကို ဖောက်ထည့်ပေးပြီး မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ရေစစ်ထားတဲ့ စပါဂတီခေါက်ဆွဲကို ထည့်ကြော်ပါ
  • တမိနစ်လောက် ကြော်ပြီးတာနဲ့ ငါးငံပြာရည် ပဲငံပြာရည် သကြား ခရုဆီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ပင်စိမ်းရွက်နှင့် ငရုတ်ကောင်းမှုန့်ထည့်မွှေပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ထိုင်းစတိုင်လ် စပါဂတီခေါက်ဆွဲကြော် စပ်စပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment