Monday 23 January 2017

ငါးရံ့အသားလွှာ ဆန်လှော် ဆန်ပြုပ်


တစ်ခါတစ်ရံ ထမင်းစားချင်စိတ် မရှိတဲ့ အချိန်မျိုးမှာ ငါးရံ့ဆန်လှော်ပြုပ်လေး သောက်ချင်စိတ် ပေါ်လာတာနဲ့ ငါးရံ့ကို အသားနွှင်ပြီး ဆန်ပြုပ် ပြုပ်ဖြစ်သွားတာနဲ့ ဆန်လှော်ဆန်ပြုပ် ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. ငါးရံ့ - အနေတော် တစ်ကောင်
  3. ကြက်သွန်နီ - ဥအသေး ၁၀လုံး (ဆန်ပြုပ်ထဲထည့်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း ၄ဇွန်းး ( ဇွန်းတစ်၀က်ကို ငါးပြုပ်ထဲထည့်ရန်)
  5. နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်ဥ (ငါးဆီသတ်ရန်)
  8. ကြက်သွန်ဖြူ  - အမွှာကြီးကြီး၂မွှာ (ငါးဆီသတ်ရန်)
  9. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်အ
  10. ရသာမှုန့် - လက်ဖက်ရည်ဇွန်း ၃ဇွန်းခွဲ (တစ်၀က်ကို ငါးပြုပ်ထဲ့ထည့်ရန်)
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး၄မွှာ (ဆန်ပြုပ်ထဲထည့်ရန်)
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  13. ကြက်သွန်ဖြူ ဆီချက် - လိုသလောက် ပြင်ထားပါ
ဆန်လှော်ပုံ
  • ဒယ်အိုးထဲမှာ ဆန်ထည့်ပြီး မီးအနေတော်နဲ့ လှော်ပေးပါ
  • ဆန်လှော် အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ဆန်လှော်များ ညိုရောင်သန်းလာပြီး မွှေးလာပါက မီးပိတ်ပေးထားပါ
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးထဲမှာ ဆန်လှော်ကို ရေများများထဲ့ပြီး နူးအောင်ပြုပ်ထားပါ
  • ဆန်လုံးများကျေလာအောင် ပြုပ်ပေးပါ
  • ငါးရံ့ကို အကောင်လိုက် အကြေးခွန်ထိုးပြီး ဗိုက်ခွဲကာ မလိုတာတွေဖယ်ပြီး အကောင်လိုက် ရေဆေးပေးပါ
  • အကောင်လိုက် ရေဆေးထားသော ငါးရံ့ကို ကြောဖက်မှ လွှာပေးကာ အရိုးများ မပါအောင် အသားလွှာပေးပါ
  • အသားလွှာထားသော ငါးအသားပြားကို ခပ်သေးသေးလေးတွေ တုံးထားပေးပါ
  • ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီ အနေတော် တစ်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူ  အမွှာကြီးကြီး နှစ်မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူ  အမွှာကြီးကြီး လေးမွှာကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောပြီးထောင်းထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ  ဆီချက်ကို ပြင်ထားပါ
  • ဆန်ပြုပ်နေတုံး ဆီကို နနွင်းမှုန့်ထဲ့ကာ အပူပေးပြီး လှီးထားသော ကြက်သွန်နီ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ
  • ကြက်သွန်များပျော့ပြီး မွှေးလာပါက ငါးအသားများကိုထည့်ပြီး ၅မိနစ်လောက် ဆီသတ်ပေးထားပါ
  • ဆန်ပြုပ်များ မနူးသေးပါက ဆန်နူးတဲ့ထိ ရေထပ်ထပ်ထဲ့ပြီး ပြုပ်ပေးပါ
  • ပြုပ်နေစဉ် အိုးမကပ်အောင် မကြာမကြာ မွှေမွှေပေးပါ
  • ဆန်နူးပြီ ဆိုပါက ရေကိုတရုတ်ဟင်းပြင်ပန်းကန် ၆လုံးစာလောက်ထဲ့ပေးပြီး ကြက်သွန်ဥလေးများနှင့် ငါးဆီသတ်ကို ထဲ့ပြုပ်ပေးပါ
  • ဆားနှင့်အရသာမှုန့်၂ဇွန်းကိုထဲ့ပြီး အရသာမြည်းပေးပါ
  • လိုအပ်သော အရသာ ရလာအောင် ပြင်ပေးပြီး ကြက်သွန်ဥလေးများ နူးလာပါက ထောင်းထားသော ကြက်သွန်ဖြူ ငရုတ်ကောင်းတို့ကိုထဲ့ပြီး မီးနွေးနွေးနဲ့ တည်ထားပါ
  • ပန်းကန်လုံးထဲမှာ မိမိ လိုသလောက် ထဲ့သောက်ကာ သောက်ကာနီးမှ ကြက်သွန်ဖြူဆီချက်နှင့် ကြက်သွန်မိတ်ဖြူးပြီး သောက်နိူင်ပါပြီ။

No comments:

Post a Comment