Thursday 11 May 2017

ငါးခြစ်အစိမ်း ပြစ်ချက်ဟင်း







ငါးဖယ်စိမ်း ပြစ်ချက်လေး စားချင်မိတာ ငါးဖယ်မရတော့ ဘာဆာငါးကိုဘဲ ထုကာထောင်းကာနဲ့ ပြစ်ချက်လေး ချက်လိုက်ပါတယ် အရိုက်နာလေ အထုနာလေ စားလို့ကောင်းလေမို့လို့ ငါးခြစ်ငါးဆုတ် ချက်မယ်ဆိုရင် နာနာလေး နာနာလေး ရိုက်ဖို့တော့ လိုပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး အသားလွှာပြီးသား   - 500 g
  2. ချင်း - လက်တဆစ်သာသာ
  3. ကြက်သွန်နီ - အနေတော် တလုံး
  4. ကြက်သွန်ဖြူ အမွှာကြီးကြီး ၃မွှာ 
  5. ဆား -  လက်ဖက်ရည်ဇွန်း တ၀က်ခန့် (ငါးခြစ် ထောင်းရန်)
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  7. ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  8. အချိုမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း (ငါးခြစ် ထောင်းရန် ဆီသတ်ရန်)
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ ( ငါးခြစ်ထောင်းရန်နှင့် ဟင်းဆီသတ်ရန်)
  10. ခရမ်းချဉ်သီး - အနေတော် ၅လုံးခန့် (သို့မဟုတ်)
  11. ခရမ်းချဉ်သီး - လှီးပြီးသား (ready made 300 g)
  12. နံနံပင်အပင်လိုက် - နှစ်သက်သလောက်
  13. ရေ - အနေတော်
  14. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
  • ငါးဆုပ် ဆီသတ်ရန် ငရုတ်ဆုံထဲမှာ ချင်း ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ညက်အောင် ထောင်းပေးပါ
  • ငရုတ်ဆုံ ကြီးကြီးထဲမှာ ငါးအသားများကို ညက်အောင်ထောင်းပြီး နနွင်းမှုန့် အချိုမှုန့်  ဆားနှင့် ငါးဖယ်ခြစ်ကိုထည့်ပြီး  စေးထန်းလာတဲ့အထိ အချက် ၁၀၀၀လောက် အနည်းဆုံး ထောင်းပေးပါ
  • ငရုတ်ဆုံ ကြီးကြီးမရှိပါက ၂ခါ ခွဲပြီး ထောင်းပေးပါ
  • နောက်တခါ ဇောက်နက်သော ဇလုံထဲမှာ အချက် ၂၀၀၀လောက် ပေါက်ပေးပါ
  • ခရမ်းချဉ်သီးကို ခပ်နုတ်နုတ် လှီးထားပါ
  • မာမာကတော့ အရောင်ရဲရဲလေး လိုချင်လို့ လှီးပြီးသား ဗူးကို သုံးထားပါတယ်
  • နံနံပင်ကိုအမြှစ်များပါ ပါအောင် ရေဆေးပြီး အနေတော် လှီးထားပါ
  • ထောင်းပြီးသား ငါးခြစ်များကို လက်မှာရေစွတ်ပြီး အနေတော် အလုံးလေးတွေ ဆုပ်လုံးကာ လုံးပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ထောင်းထားသော ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့်ကို ထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီး  အချိုမှုန့် ငါးငံပြာရည်တို့ထည့်ကာ ခရမ်းချဉ်သီး ကြေတဲ့အထိ မွှေပေးပြီ တည်ပေးပါ
  • ခရမ်းချဉ်သီးများ ကြေလာတာနဲ့ အိုးမကပ်စေရန် ရေအနည်းငယ်ထည့်ကာ မိနစ်ဝက်လောက် ပွက်ပွက်ဆူအောင် ထားလိုက်ပါ
  • ရေကို အများကြီး တခါထဲ မထည့်ဘဲ လိုချင်သလောက် ချင့်ချိန်ပြီး ထည့်ပေးပါ 
  • ရေအရမ်းများပါက ငါးခြစ်ငါးဆုပ်က ကျစ်မနေဘဲ ပွစိကြီး ဖြစ်နေတတ်ပါတယ်
  • ဟင်းအနှစ် ပွက်ပွက်ဆူလာတာနဲ့ ငါးခြစ်ငါးဆုပ်ကို အစိမ်း ပြစ်ချက်လေး ထည့်ပြီး ချက်ပေးပါ
  • ဟင်းအိုး ပွက်ပွက်ဆူလာပါက အိုးကိုမမွှေဘဲ အိုးမကပ်စေရန် လှုပ်လှုပ်ပေးပါ
  • ငါးဆုပ်အသားများ မာလာပြီဆိုတော့မှ ရေလိုသလောက်ထည့်ကာ ဆား ငံပြာရည် အချိုမှုန့်တို့ထည့်ပြီး ဆီပြန်လာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နံနံပင်ကို အမြှစ်များပါထည့်အုပ်ပြီး အထက်အောက် သမအောင် မွှေပေး၍ ငါးခြစ်ငါးဆုပ် ပြစ်ချက်ဟင်း မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ ။

No comments:

Post a Comment