မျှင်ငါးပိထောင်းမယ်လို့ စိတ်ကူးလိုက်ရင်ဘဲ ထမင်းမြိန်မြိန် စားရတော့မယ်ဆိုတဲ့ အတွေးတွေနဲ့ သရည်က အရင်ဆုံး ကျလာပါလေရော ဒီနေ့ထောင်းမဲ့ ထောင်းနည်းလေးက အရင်လို ငါးပိကို မီးမကင်ဘဲ ပေါင်းပြီးမှ ထောင်းမဲ့ ထောင်းနည်းလေးပါ ပါဝင်ပစ္စည်း အများကြီး မပါဘဲ ထောင်းထားပြီး စားကောင်းလွန်းလို့ မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- မျှင်ငါးပိ ကောင်းကောင်း - ၅ကျပ်သား
- ပုဇွန်ခြောက် - အကောင်နှစ်ဆယ်ခန့်
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
- ဒယ်အိုးတစ်လုံးမှာ ပုစွန်ခြောက်များကို မီးအေးအေးနဲ့ မွှေးလာအောင် လှော်ပေးပါ
- အညှာခြွေကာ ရေဆေးထားသော ငရုတ်သီးစိမ်းများကို ရေမြုပ်အောင်ထည့်ပြီး နူးအာင်ပြုပ်ပေးပါ
- သံပုရာသီးကို အစိတ်လေးများ စိတ်ထားပေးပါ
- ပန်းကန်တစ်ခုပေါ်မှာ ငါးပိကိုဇွန်းနဲ့ခပ်ယူပြီး ခပ်ပါးပါး ဖြန့်ခင်းပေးပါ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေတစ်ဝက် ထည့်ထားသောအိုးကို ပွက်ပွက် ဆူအောင်တည်ပေးပါ
- ပွက်ပွက်ဆူနေတဲ့ အိုးထဲမှာ ပေါင်းဇကာ ခံပေးပြီး ငါးပိပန်းကန်ကို ၃မိနစ်လောက် ပေါင်းပေးပါ
- ငါးပိပေါင်းနေစဉ် ပေါင်းအိုးကို အဖုံးအုပ်ပေးထားပါ
- ပေါင်းထားသော ငါးပိများ ဖောင်းလာပြီး ပွတက်လာပြီဆိုပါက အိုးထဲမှထုတ်ကာ အအေးခံ ထားပေးပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုဇွန်ခြောက်များကို အရင်ဆုံး ညက်နေအောင် ထောင်းပေးပါ
- ပုဇွန်ခြောက်များ ညက်လာပြီးမှ ပြုပ်ထားသော ငရုတ်သီးစိမ်းများကို ထည့်ထောင်းပေးပါ
- ငါးပိအပေါ့ အငံအပေါ် မူတည်ပြီး ဆားအနည်းငယ် ထည့်ထောင်းပေးပါ
- ငါးပိက ငံနေပါက ထည့်ရန်မလိုပါ
- ငရုတ်သီးစိမ်းနှင့် ပုစွန်ခြောက်များ ညက်သွားပြီဆိုမှ ပေါင်းထားသော ငါးပိများနှင့် အရသာမှုန့်တို့ ကိုထည့်ပြီး ညက်သွားအောင် ထောင်းပေးပါ
- စပ်ပြီးမွှေးနေတဲ့ ငါးပိထောင်းကို ဒီအတိုင်းလေးဘဲ စားဖို့ပြင်ပြင် သံပုရာရည်လေး ညှစ်ပြီးတော့ဘဲစားစား နှစ်သက်သလို စားသုံးနိုင်ရန် ပန်းကန်ထဲ ပြောင်းထည့်ပေးနိုင်ပါပြီ။
No comments:
Post a Comment