ဒီနေ့တော့ အိမ်ရှင်မတွေ ဟင်းပွဲပြင်ရာမှာ အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက် စိတ်မပူရလေအောင် မစားရတာ ကြာပြီဖြစ်တဲ့ ချဉ်ရည်ဟင်းလေး ချက်ဖြစ်ပြန်ပါပြီ ထမင်းစားမြိန်စေတဲ့ ဟင်းလေးဖြစ်လို့တစ်ခါတစ်ေခါက်လောက်တော့ ချက်စားကြည့်စေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- မုံလာဥ - ငါးပင်
- ပဲသီး - ငါးတောင့်
- မျှစ် - ခပ်သေးသေးနှစ်ပင်ခန့်
- ပန်းဂေါ်ဖီ - တစ်စိတ်
- မုံလာဥနီ - အနေတော် တစ်ဥ
- ရုံးပတေသီး - ၁၅တောင့်ခန့်
- ကြက်သွန်နီ - တစ်ခြမ်း
- ကြက်သွန်ဖြူ - နှစ်မွှာ
- ချင်း - လက်တစ်ဆစ်၏ တစ်ဝက်
- ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- မန်ကျည်းသီးမှည့် အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပုဇွန်ထုတ် - ၁၅ကောင်ခန့်
- နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
- မုံလာဥဖြူနှင့် မုံလာဥနီကို သင့်သလိုလှီးပြီး ရေဆေးထားပါ
- ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
- ပဲသီးကို အညှာဖြတ်ပြီး ရေဆေးကာ အနေတော် လှီးထားပါ
- မျှစ်နှင့် ပန်းဂေါ်ဖီကို ရေဆေးပြီး လှီးထားပါ
- ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီး တစ်ပိုင်းပိုင်းထားပေးပါ
- ဇောက်နက်သောအိုးထဲမှာ လှီးထားသော မုံလာဥများ ပုဇွန်ထုတ် နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
- အရသာနယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
- ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
- မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
- ရေပွက်ပွက်ဆူကာ မုံလာဥများ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
- ပြီးတာနဲ့ ရုံးပတေးသီးကို ထည့်ကာ ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
- ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ နံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
- မုံလာဥသီးစုံ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။
No comments:
Post a Comment