ဝက်သားတန်းရောက်တော့ ၀ယ်မှာကတော့ ၀က်သားပါဘဲ ဒါပေမဲ့လဲ ၀က်ခေါက်တွေပါ မြင်ရပြန်ရော ဒီတော့လဲ မနေနိုင် မထိုင်နိုင် ၀ယ်လာပြီး ချဉ်ငံစပ်လေး သုပ်စားဖို့ ပြင်ဆင်ဖြစ်ပြန်ပါတယ် ဒါကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းလို့ ၀က်ခေါက်သုပ်နည်း ပြင်ဆင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ၀က်ခေါက် - 250 g
- ကရဝေးရွက် - သုံးရွက်
- ဖာလာစေ့ - နှစ်စေ့
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ချင်း - လက်တစ်ဆစ်ခန့်
- ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ဂေါ်ဖီ - တစ်စိတ်
- သံပုရာသီး - တစ်စိတ်
- ငရုတ်သီးစိမ်း - နှစ်သက်သလောက်
- သခွားသီး - အနေတော် တစ်လုံး
- ငရုတ်ဆီအချဉ် - ထမင်းစားဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ဝက်ခေါက်ပြုပ်ရန်
- ၀က်ခေါက်ကို ရေစင်အောင်ဆေးပြီး အနေတော် ပိုင်းပေးပါ
- ပိုင်းထားသော ၀က်ခေါက်များကို ဆားနှင့် ခနောကြက်သားမှုန့်ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလှီးပြီး အရသာဝင်အောင် နယ်ထားသော ၀က်ခေါက် ကရဝေးရွက်နှင့်ဖာလာထည့်ကာ ရေမြုပ်အောင်ထည့်ပြီး မိနစ်သုံးဆယ်လောက် ပြုပ်ပေးပါ
- ပြီးတာနဲ့ ရေဆေးချပြီး အအေးခံထားပြီး အနေတော် ပုံပါအတိုင်း လှီးထားပါ
ပြင်ဆင်ပုံ
- ကြက်သွန်နီကို ခပ်အခွံခွာပြီး ရေဆေးကာ ပါးပါးလှီးပြီး ရေတေစ်ထပ်နှင့် ထပ်ဆေးထားပါ
- သခွားသီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ငရုတ်သီးစိမ်းကိုရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ၀က်ခေါက်လှီးပြီးသားကို ပြင်ထားပါ
- လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
- ဇလုံတစ်လုံးထဲမှာ လှီးထားသော ၀က်ခေါက်များ ကြက်သွန် ဂေါ်ဖီ ငရုတ်သီးစိမ်း သခွားသီး အချိုမှုန့် ငရုတ်ဆီအချဉ် ငံပြာရည် ငရုတ်သီးအကျက်မှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး ၀က်ခေါက် ချဉ်ငံစပ်အသုပ်ကို ခပ်ဖွဖွနယ်ကာ အသုပ်ပွဲကို ပြင်ဆင်နိုင်ပါပြီ။
No comments:
Post a Comment