လူ့လောဘ အတောသတ်မရ ဆိုတဲ့အတိုင်း ဈေးတခါသွားရင် အသားဝယ်ရင် ပိုပိုဝယ်မိတာက များများသွားလေတော့ အဲဒီအသားတွေ ကုန်အောင်ချက်ဖို့ စဉ်းစားရတာလဲ အခါခါပါဘဲ။
အခုရက်ထဲ အစာသွပ်ဟင်းလေးတွေ စားလို့ကောင်းနေတဲ့အတွက် ဒီတခါတော့ ကြက်ဟင်းခါးသီး အစာသွပ်လေး ချက်ဖြစ်ပြန်ပါတယ် အရမ်းကို စားကောင်းလွန်းလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဟင်းခါးသီး - အလုံးကြီးကြီး တစ်လုံး
- ၀က်သား - 250 g
- ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး (ဆီသတ်ရန် အနည်းငယ် ချန်ထားပါ)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ (ဆီသတ်ရန် တစ်ဝက်ချန်ထားပါ )
- ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ကို အစာထဲထည့်ပေးပါ)
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ကို အစာထဲ ထည့်ပေးပါ)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီသတ်ရန် တစ်ဝက်ချန်ထားပါ )
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
- ကြက်ဟင်းခါးသီးကို အလုံးလိုက်ရေဆေးပြီး ပုံပါအတိုင်း လက်၃လုံးစာ အထူလေးတွေ လှီးပေးပါ
- လှီးထားသော ကြက်ဟင်းခါးသီးအထဲမှ အစေ့များကို တဖက်ပိတ်ချန်ပြီး တဖက်မှ ကလော်ထုတ်ပေးပါ
- ကလော်ထုတ်ထားသော ကြက်ဟင်းခါးစေ့များကိုဖယ်ပြီး အစေ့ခွံလေးများ ခွာပြီးယူထားပါ
- ၀က်သားကို နုတ်နုတ်စဉ်းကာ ဆား နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ၀က်သား ကြက်သွန်နီ ကြက်သွန်ဖြူ နနွင်းမှုန့် အချိုမှုန့် ကော်မှုန့်နှင့် ဆီအနည်းငယ်တို့ကို ရောပြီးနယ်ထားပေးပါ
- အသားကို အရသာနယ်ပြီးတာနဲ့ ကြက်ဟင်းခါးသီးထဲကို အစာသွတ်ပေးပါ
- အစာသွပ်ပြီးလို့ ပိုနေတဲ့ အစာတွေကို ဆီသတ်ရန် ချန်ထားပေးပါ
- အစာသွပ်ပြီးပြီဆိုတာနဲ့ ဇောက်နက်သော ဒယ်အိုးကို အပူပေးကာ ဆီထည့်ပါ
- ဆီပူလာတာနဲ့ ချန်ထားသော နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးတို့ကို ထည့်ပြီးဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ပိုနေသော အစာများကိုထည့်ပြီး ဆီသတ်ပါ
- ဆီသတ်ထားသော အသားများ မာလာပါက အစာသွပ်ထားသော ကြက်ဟင်းခါးသီးများကို ထည့်ပေးပါ
- အထက်အောက် အသာလှန်ပေးပြီး အစာသွပ်ထားသော အသားများ မာလာပါက ရေမြုပ်အောင်ထည့်ပါ
- ပြီးလျှင် ချန်ထားသော ဆားနှင့် အချိုမှုန့်ကို ထည့်မွှေပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
- ရေပွက်ပွက်ဆူလာပြီး ကြက်ဟင်းခါးသီး နူးလာပြီဆိုရင် အရသာမြည်းပြီး လိုသလိုပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment