ဒီတခါတော့ ယိုးဒယားသီး သင်္ဘောသီးထောင်း စစ်စစ်လေး ထောင်းပါတယ် အာတွေလျှာတွေ ဂျွမ်းထိုးသွားလောက်အောင် စပ်လွန်းလို့ အစပ်ကြိုက်တဲ့ သူတွေအတွက် အဆင်ပြေတဲ့ အသုပ်လေးဖြစ်လို့ သုပ်စားနိုင်အောင် မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- သင်္ဘောသီးစိမ်း - အနေတော် တစ်လုံး
- ပုဇွန်ခြောက် - အကောင် ၂၀ခန့်
- မြေပဲလှော် - အစေ့၂၀ခန့်
- ငရုတ်သီးစိမ်း - ၇တောင့်ခန့် (အစပ်ကြိုက်လျှင် ပိုထည့်ပါ)
- ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် ၃ခဲ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ
- ငံပြာရည်အနောက် -၂မျိုး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ပဲတောင့်ရှည် - ၃တောင့်
- ချယ်ရီရမ်းချဉ်သီး - ၁၀လုံးခန့်
- သံပုရာသီး - တစ်ခြမ်း
ပြင်ဆင်ပုံ
- သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ
- ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး တစ်ဝက်စီ ခြမ်းထားပါ
- မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ
- ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ငရုတ်သီးအခြောက်နှင့် ပုဇွန်ခြောက်ကို မညက်တစ်ညက် ထည့်ထောင်းပါ
- ငရုတ်သီးစိမ်းကိုရေစင်အောင်ဆေးပြီး မညက်တစ်ညက် ရောထောင်းပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ရောထောင်းပါ
- ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ
- ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
- ကျောက်ကျည်ပွေ့ဆိုပါက ၁၀ချက် အချက်၁၂ချက်လောက် ထောင်းရင်ရပြီး သစ်သားကျည်ပွေ့ဆိုပါက အချက် ၃၀ လောက်ထောင်းပေးမှ အရသာဝင်ပါတယ်
- သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
- ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ပုံတွင်ပြထားသော ငါးငံပြာရည်၂မျိုးကို ထမင်းစားဇွန်း ၂ဇွန်းသာသာစီနှင့် ဆားပါ ထည့်ပေးပါ
- သင်္ဘောသီး ထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ
- ခရမ်းချဉ်သီးကိုလဲထည့်ပြီး ၅ချက်လောက် ထောင်းပေးပြီးရင် ဇွန်းနှင့် သမအောင်နယ်ပေပြီးရင် ရပါပြီ
- စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်
- စပ်စပ်မွှေးမွှေး ယိုးဒယား သင်္ဘောသီးထောင်းလေး ရပါပြီ။
No comments:
Post a Comment