Sunday 30 October 2016

အိမ်လုပ် ငါးငပိရည်ကျို မွှေးမွှေးလေး (ငါးငပိလုပ်နည်း)












ငါးငပိရည်ကျိုလေးတွေ ဆိုင်က၀ယ်စားရတာ စိတ်မသန့်လေတော့ အိမ်မှာဘဲ ငါးလေးတွေကို ငါးပိရည်ကျို လုပ်ဖြစ်ပါတယ် စိတ်ဝင်စားရင်တော့ လုပ်ကြည့်စေချင်ပါတယ် မြန်မာပြည်မှာလို ငါးပိလုပ်လောက်အောင် ငါးသန်ငါးနုတ်တွေ မပေါလေတော့ တခါတရံ ဈေးချလေ့ရှိတဲ့ ဘာဆာငါးနဲ့ဘဲ လုပ်ရပါတော့တယ် ။

ငါးပိဆိုတာမျိုးက ငါးသန်ငါးနုတ်လေးတွေကိုလုပ်မှ ပိုပြီးချိုသလို ငါးပိရည် ကျိုတဲ့အခါမှာ ပိုပြီးပြစ်ပါတယ် မာမာကတော့ ရှိတဲ့ငါးလေးနဲ့ဘဲ လုပ်ထားပါတယ် ဒီငါးကတော့ သန့်စင်ပေးပြီးသားဖြစ်လို့ တခြားအပိုတွေ ဘာမှ လုပ်ပေးစရာ မလိုပါဘူး။

တကယ်လို့များ ငါးသန်ငါးနုတ်လေးတွေနဲ့လုပ်မယ်ဆိုရင်တော့ ငါးပိလုပ်နည်းလေး နည်းနည်းပြောင်းပါတယ် ငါးတွေကို အပုတ်မခံခင်မှာ ဗိုက်ထဲက မလိုတာတွေ ဖယ်ရတာမျိုးလုပ်ပေးရတယ် အဲဒါတွေ မဖယ်ရင် ငါးပိက ခါးသွားတတ်ပါတယ် ကျန်တာကတော့ အပုတ်ခံပြီး ဆားကူးရုံပါဘဲ။

ငါးရံ့လို ငါးအကောင်ကြီးကြီးကို လုပ်မယ်ဆိုရင်တော့ ငါးအကြေးခွံတွေ ဗိုက်ထဲက မလိုတာတွေ ဖယ်ပေးပြီး ဇလုံထဲမှာ ရေနှင့်ငါးကိုထည့်ပြီး ပိတ်စပါးနှင့် သေသေချာအုပ်ကာ သုံးရက်လောက် ထားပြီးမှ အရည်များသွန်ပေးကာ ဆားကူးပြီး ငါးပိဖြစ်အောင် ပြန်နှပ်ပေးရပါတယ်။

ငါးပိသဘာဝက ငါးကိုအပုတ်ခံပြီး လုပ်ရတာဖြစ်လို့ ပထမတရက် ငါးကိုအပုတ်ခံပြီးစ အချိန်မှာတော့ တော်တော်လေးနံပါတယ် ဒါပေမဲ့လဲ ငါးပုတ်မှ ငါးပိကောင်းလေး ရတာဖြစ်လို့ ပထမ တရက်တော့ တော်တော်လေး အသက်အောင့်ပြီး ငါးပုတ်ကို ဆားကူးပေးရတယ် ဆားကူးတဲ့အခါမှာလဲ ဆားကို ချင့်ချိန်ပေးပါ ဆားပေါ့တဲ့အခါ ငါးပိက အူပြီးမမွှေးဘဲ ပုတ်အက်အက် ဖြစ်သွားတတ်ပါတယ် ဆားကို သာသာထိုးထိုးလေး အငံပိုပြီး ကူးပေးပါ။

နောက်နေ့နောက်တကြိမ်ထပ်ပြီး ဆားကူးရင်တော့ ငါးပိနံ့လေးသင်းလာပြီမို့ ကိုယ်တိုင်လုပ် ငါးငပိရည်ကျိုလေးကိုကြည့်ပြီး ပီတိတွေဖြာရပါပြီ ငါးပိကောင်းကောင်းလေး ရအောင်တော့ တစ်လလောက် နှပ်ပေးရပါတယ် ဒါဆိုရင်တော့ ငါးပိရည်ကျိုဖို့ ငါးပိမွှေးမွှေးလေး ရပါပြီ။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး သို့မဟုတ် နှစ်သက်ရာငါး - ၂ကီလို
  2. ဆားကြမ်း - ၁၅ကျပ်သား (ဆားအပေါ့အငံကို ချင့်ချိန်ပြီး ထည့်ပေးပါ)
  3. ဆန်ဆေးရည် - လိုသလောက်

ပြင်ဆင်ပုံ
  • ဘာဆာငါးကို ပလပ်စတစ်အိတ်ထဲ လေလုံအောင်ထုတ်ပြီး ဇလုံတလုံးထဲမှာ တရက်နှင့် တညလောက်ထားပေးပါ
  • နောက်နေ့ညနေလောက်မှာ ငါးထုတ်ကိုဖြည်ပြီး သစ်သားယောင်းမနှင့် ငါးများကျေအောင် ဖိချေပေးပါ
  • ငါးအသားများ ကျေသွားပါက ဆား၅ကျပ်သားလောက် ထည့်ပေးကာ သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ဆားမပေါက်နိုင်သော ဇလုံထဲမှာထည့်ကာ ယင်ကောင်မနားစေရန် ပိတ်စပါးပါးလေးနှင့် လုံအောင်အုပ်ပြီး နေလှန်းပေးပါ
  • နောက်နေ့မနက်မှာ နောက်ထပ်ဆား ၅ကျပ်သားလောက် ထပ်ထည့်ပြီး သမအောင်မွှေကာ လုံအောင်ပိတ်ပြီး နေလှန်းပေးပါ
  • နောက်ထပ်၃ရက်လောက် နေလှန်းပေးပြီးပါက ငါးအသားများ အနည်းငယ် ခြောက်စပြုလာပြီဖြစ်လို့ ပုလင်းသန့်သန့်ထဲ ပြောင်းထည့်ပါ
  • ပုလင်းထဲကို ဖိဖိထည့်ပေးပြီး ပုလင်းပြည့်အောင် မထည့်ဘဲ လက်၃လုံးလောက် နေရာချန်ပေးပါ
  • ဆား ၅ကျပ်သားလောက်ကို ဆန်ဆေးရည်နှင့်ဖျော်ကာ ငါးပိပုလင်း နေရာလွတ်နေသော အထဲသို့ လောင်းချပေးကာ ပလပ်စတစ်စနှင့် လုံအောင်အုပ်ကာ ထိုပုလင်းကို တပါတ်လောက် နေလှန်းပေးပါ
  • ပြီးရင်တော့ အခန်းအပူချိန်အတိုင်း တလလောက်ထားပေးပါ
  • လပြည့်နေ့ရေတက်ချိန်မှာ ငါးပိပုလင်းထဲမှ တက်လာသော ငံပြာရည်ကို ခပ်ထားပြီး ဟင်းချက်ရာတွင် သုံးနိုင်ပါတယ်
  • ခပ်လိုက်သော ငံပြာရည်အစား ဆားအနည်းကို ဆန်ဆေးရည်နှင့်ဖျော်ပြီး ထပ်ဖြည့်ပေးကာ ပုလင်းကို လုံအောင် ပြန်အုပ်ပေးပါ
  • လကွယ်ရက်မှာ ငံပြာရည်များ ခမ်းသွားတတ်ပြီး လပြည့်ရဆိုရင်တော့ ငံပြာရည် ပြန်ပြီးတက်လာတတ်ပါတယ်
  • ထိုနည်းအတိုင်း ငံပြာရည်ကို တလတခါ ခပ်ယူပြီး ဆားရည်ပြန်ပြီး ဖြည့်ပေးရသလို ငါးပိနှပ်ထားချိန် တလလောက် ပြည့်တာနဲ့ ငါးပိနပ်ပါပြီ
  •  ငါးငပိနပ်ပြီဆိုပါက ငါးပိရည်ကျိုရန် ငါးငပိမွှေးမွှေးလေး ရပါပြီ။

1 comment:

  1. Hello, Ma Ma Mar,
    Have you already tasted above salty fish paste?
    May you please write a post about it.
    I really want to see how it looks.
    Thank you Ma Ma Mar.
    Happy New Year!
    Yin Myo Kaung

    ReplyDelete