Saturday 29 October 2016

အိန္ဒိယစတိုင်​လ် ကြက်​သားဟင်း





ဒီနေ့တော့ ကျောင်းပိတ်ရက်လေးမှာ ကြက်သားကို မွှေးမွှေးလေးချက်ကာ ပလာတာရိုက်ပြီး ပလာတာနဲ့စားဖို့ ပြင်ပါမယ် ပလာတာ လုပ်နည်းကတော့ တင်ပေးပြီးသားဖြစ်လို့ ကြက်သားဟင်း ချက်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင် - ခြောက်ခု
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ခွန်နှစ်မွှာ
  3. ချင်း - လက်မ၀က်ခန့်သာသာ
  4. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင့်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နံနံစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်သီးစိမ်း - နှစ်တောင့်
  10. ငရုတ်ကောင်းစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ကြက်သားနှပ်ရန် ပါဝင်ပစ္စည်းများ
  • ကြက်ပေါင်များကို ရေဆေးပြီး ထက်ဝက်ပိုင်း ခုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စဉ်းထားပါ 
  • ချင်းတစ်ဝက်ကို အခွံခွာထားပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • မဆလာ ဆား နနွင်းမှုန့်နှင့် အချိုမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာထည့်ပြီး အရသာဝင်အောင် နယ်ပေးကာ ရေခဲသေတ္တာထဲမှာ တစ်နာရီလောက် နှပ်ထားပါ
ဟင်းချက်ရန် ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်းပြီး အစေ့များ ထုတ်ထားပါ
  • ကျန်နေသော ချင်းတစ်ဝက်ကို ညက်နေအောင် ထောင်းထားပါ
  • ငရုတ်ကောင်းစေ့ကို ညက်နေအောင် ထောင်းထားပါ
  • သံပုရာရည်ကို အဆင်သင့် ပြင်ထားပါ
  • ဆီနှင့် ငရုတ်သီးအရောင်တင်မှုန့်ကို ပြင်ထားပါ
  • ဟင်းမချက်ခင် အရသာ နယ်ထားသော ကြက်သားများကို ရေခဲသေတ္တာထဲမှ ထုတ်ထားပါ
  • ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို ထည့်ပေးကာ အညှိရောင် သန်းလာတဲ့အထိ ကြော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း ချင်း နံနံစေ့ ငရုတ်သီးမှုန့်တို့ထည့်ပြီး ၅ချက်လောက် ဆက်တိုက်မွှေပးပါ
  • ပြီးမှ အရသာဝင်အောင် နှပ်ထားသော ကြက်ပေါင်များကို ဆီသတ်ထားသော ဒယ်အိုးထဲထည့်ပြီး ရောမွှေပေးပါ
  • ကြက်သားအသားများ မာပြီးတင်းလာတော့မှ ငရုတ်ကောင်းမှုန့်ထည့်မွှေပေးပါ ပြီးမှ ကြက်သားမြုပ်ရုံ ရေထည့်ပြီး ပွက်လာအောင် တည်ပေးပါ
  • အိုးအဖုံးကို အုပ်ပြီး မီးနည်းနည်းဖြင့် ကြက်သားနူးအိလာသည်အထိ တည်ထားပေးပါ
  • ကြက်သား နူးအိပြီး ဆီမပြန်ခင် ဆီလည်ရေလည်လေး ရလာလျှင် သံပုရာရည်နှင့် မဆလာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး သမအောင် ရောမွှေကာ အိုးအဖုံး ပြန်အုပ်ထားပြီး မီးပိတ်ထားပေးပါ
  • ဆီမပြန်ခင် ဆီလည်ရေလည်လေး ရပြီဆိုတာနဲ့ အရသာရှိလွန်းတဲ့ အိန္ဒိယစတိုင်လ် ကြက်သားဆီပြန် ဟင်းကို ပလာတာနှင့် တွဲဖက်ကာ နှစ်သက်ရာ အချဉ်တို့ ပြင်ပေးပြီး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment